Connect with us

Politics, Law & Military

၂၀၁၉-၂၀၂၀ ခုနှစ်တွင် မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါး ဖော်ထုတ်ဖမ်းဆီးနိုင်မှုသည် ယခင်နှစ် များထက် ၆ ဒသမ ၅ ဆခန့် ပိုမိုဖမ်းဆီးနိုင်ဟုဆို

(၁၄)ကြိမ်မြောက် အာဆီယံဝန်ကြီးအဆင့် နိုင်ငံဖြတ်ကျော် မှုခင်းများဆိုင်ရာအစည်းအဝေးကျင်းပစဉ် (ဓာတ်ပုံ- MOI)

ရန်ကုန်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော်

၂၀၁၉-၂၀၂၀ ခုနှစ်တွင် မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါး ဖော်ထုတ်ဖမ်းဆီးနိုင်မှုသည် ယခင်နှစ် များထက် ၆ ဒသမ ၅ ဆခန့် ပိုမိုဖမ်းဆီးနိုင်ခဲ့ကြောင်း (၁၄)ကြိမ်မြောက် အာဆီယံဝန်ကြီးအဆင့် နိုင်ငံဖြတ်ကျော် မှုခင်းများဆိုင်ရာအစည်းအဝေး(14th AMMTC) တွင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်ကပြောကြားခဲကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်းအရ သိရသည်။

အကြမ်းဖက်မှုပြဿနာသည် မူးယစ်ဆေးဝါးသယ်ဆောင် ရောင်းဝယ်မှုများနှင့် ထဲထဲဝင်ဝင် ပါဝင်ဆက်စပ်မှုရှိနေကြောင်း၊ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အရေးကိစ္စတွင် အကြမ်းဖက်ဝါဒ (Terrorism) အတွင်းကျကျ ဆက်စပ်နေ သည့်အတွက် လက်ခံခြင်းမပြုကြရန်နှင့် အကြမ်းဖက် လုပ်ရပ်များနှင့် ယင်းတို့၏ ဝါဒဖြန့်မှုကို ရပ်တန့်အောင် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းကဆိုသည်။

အကြမ်းဖက်ဝါဒ ကွယ်ပျောက်သွားမှသာ နိုင်ငံတွင်း တည်ငြိမ်ရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတစ်ဝန်း ဘေးကင်းလုံခြုံမှု၊ တရားမျှတမှုနှင့် အသိုက်အဝန်းများ အကြား သဟဇာတရှိမှုတို့ကို ဖော်ဆောင်နိုင်ရေးအတွက် အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ အာဆီယံအသိုက်အဝန်းနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အလေးထား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ကြောင်းဒုတိယ ဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်ကပြောကြားခဲ့သည်။

အာဆီယံဒေသတွင်း ပုံစံမျိုးစုံ ဖြင့် ပြောင်းလဲဖြစ်ပေါ်နေသည့် မူးယစ်ဆေးဝါးအပါအဝင် နိုင်ငံဖြတ်ကျော် မှုခင်းများတိုက်ဖျက်ရေးတွင် မှုခင်းဖြစ်ပေါ် စေသည့်အရင်းခံအကြောင်းတရားများကို အဖွဲ့ဝင်နိုင်ငံ အားလုံး၏ ပူးပေါင်းဆောင်ရွက်မှု၊ နည်းပညာနှင့် စွမ်းဆောင်ရည် မြင့်မားမှုတို့ကို ပေါင်းစပ်ဆောင်ရွက်ခြင်း ဖြင့် ထိရောက်စွာ တိုက်ဖျက်နိုင်မည်ဖြစ်ပါကြောင်း၊ မှုခင်း ပြဿနာများကို ရှုထောင့်တစ်ခုတည်းမှ သုံးသပ်၍မရ တော့ဘဲ ကဏ္ဍပေါင်းစုံမှ ရှုမြင်သုံးသပ်၍ အပြုသဘော ဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုဖြင့် ပြဿနာအရင်း အမြစ်ကို ဖော်ထုတ်ဖြေရှင်းရန် ၂၀၁၉ ခုနှစ် 13th AMMTC အစည်းအဝေးတွင် မြန်မာနိုင်ငံက ဆွေးနွေးတင်ပြခဲ့ကြောင်း ၎င်းကဆိုသည်။

နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအပါအဝင် ရာဇဝတ် မှုခင်းဂိုဏ်းများ အားလုံးနှင့် ဆက်စပ်နေသည့် မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးကို မိမိတို့ အလေးထားဆောင်ရွက် ခဲ့ကြောင်း ဒုတိယဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။

(၁၄)ကြိမ်မြောက် အာဆီယံ ဝန်ကြီးအဆင့် နိုင်ငံဖြတ်ကျော် မှုခင်းများဆိုင်ရာ အစည်းအဝေး (14th AMMTC) ကို နိုဝင်ဘာ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် Video Conferencing ဖြင့် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ကြောင်း၊ 15th AMMTC ကို ၂၀၂၁ ခုနှစ်တွင် ဘရူနိုင်းဒါရုဆလမ်နိုင်ငံ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.