Connect with us

Politics, Law & Military

ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရန် ပထမ ခြေလှမ်း တက်လှမ်းနိုင်ပြီ

ပြည်ထောင်စု သဘောတူ စာချုပ်၏ အစိတ်အပိုင်း(၁) အဖြစ် အစုအဖွဲ့ ကိုယ်စားလှယ် အသီးသီးက လက်မှတ် ရေးထိုးနေစဉ်(ဆင်ဟွာ)

နေပြည်တော် ၊ မေ ၂၉ ရက်(ဆင်ဟွာ)

မြန်မာ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရန် ပထမဆုံး ခြေလှမ်း တစ်ရပ် အဖြစ် တက်လှမ်း နိုင်ခဲ့ပြီဟု ဆိုရမည် ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ ဒုတိယ အစည်းအဝေး အပြီးတွင် ညီလာခံ ကိုယ်စားလှယ်များက သုံးသပ် ပြောကြားကြသည်။

[ပထမဆုံး ခြေလှမ်]

“ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို သွားဖို့ပထမဆုံး ခြေလှမ်း လှမ်းနိုင်ပြီလို့ သေချာပေါက် ပြောနိုင်ပြီ”ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ(UPDJC)အတွင်းရေးမှူး အဖွဲ့ဝင် ဦးလှမောင်ရွှေက ဆင်ဟွာ သတင်း ဌာနသို့ ပြောကြားခဲ့သည်။ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ ဒုတိယ အစည်းအဝေးအား မေ ၂၄ ရက်မှ မေ ၂၉ ရက်ထိ ၆ ရက်ကြာ ကျင်းပခဲ့ပြီးနောက် ညီလာခံမှ အတည်ပြု သဘောတူညီချက် ၃၇ ချက်အား ပြည်ထောင်စု သဘောတူ စာချုပ်၏ အစိတ်အပိုင်း(၁) အဖြစ် လက်မှတ် ရေးထိုး ချုပ်ဆိုနိုင်ခဲ့သည့် ရလဒ် ထွက်ပေါ်လာခဲ့သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁)ရာစု ပင်လုံ ဒုတိယ အစည်းအဝေးသို့တက်ရောက်လာသော နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်(ဆင်ဟွာ)

[ငြိမ်းချမ်းရေး အိပ်မက်]

“တိုင်းရင်းသား ပြည်သူတွေ နှစ်ပေါင်းများစွာ မျှော်လင့်ခဲ့ရတဲ့ ငြိမ်းချမ်းရေး အိပ်မက်ဟာ ပထမဆုံး အနေနဲ့ကောက်ကြောင်းတွေ စတင် ရေးဆွဲနိုင်ခဲ့ပါပြီလို့ ပြောနိုင်ပါတယ်”ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စု သဘောတူ စာချုပ်၏ အစိတ်အပိုင်း(၁) အဖြစ် လက်မှတ် ရေးထိုး ချုပ်ဆိုအပြီး ပြောကြားလိုက်သည်။

မြန်မာနိုင်ငံ၌ လွတ်လပ်ရေး ရရှိပြီး သမိုင်းတစ်လျှောက် နှစ် ၇၀ အတွင်း ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ကြိုးပမ်း ဆောင်ရွက်မှု များစွာ ရှိခဲ့သော်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အဓိက အဆိုပြုသည့် အချက်များအား အစုအဖွဲ့အားလုံးမှ သဘောတူခြင်းသည် မြန်မာ့သမိုင်းတွင် ပထမဆုံး ဖြစ်ရပ် တစ်ခု ဖြစ်ကြောင်း UPDJC အတွင်းရေးမှူး အဖွဲ့ဝင် ဦးလှမောင်ရွှေက သုံးသပ်သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ ဒုတိယ အစည်းအဝေး ကျင်းပနေစဉ်(ဆင်ဟွာ)

[ပြည်ထောင်စု သဘောတူ စာချုပ်၏ အစိတ်အပိုင်း(၁) ]

ပြည်ထောင်စု သဘောတူ စာချုပ်၏ အစိတ်အပိုင်း(၁) အဖြစ် သဘောတူညီချက် ၃၇ ချက်တွင် နိုင်ငံရေး ကဏ္ဍတွင် ၁၂ ချက် ၊ စီးပွားရေး ကဏ္ဍတွင် ၁၁ ချက် ၊ လူမှုရေး ကဏ္ဍတွင် ၄ ချက် ၊ မြေယာ နှင့် သဘာ၀ ပတ်ဝန်းကျင် ကဏ္ဍတွင် ၁၀ ချက် တို့ပါဝင်သည်။

“ဒီကနေ့လက်မှတ် ရေးထိုးနိုင်ခဲ့တဲ့ သဘောတူညီချက်တွေဟာ အမျိုးသား ရင်ကြားစေ့ရေး ၊ ငြိမ်းချမ်းရေး ၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး လမ်းကြီးအပေါ် လျှောက်လှမ်းလိုက်တဲ့ အရေးကြီးတဲ့ ခြေလှမ်းကြီး ဖြစ်ပါတယ်”ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ထိုကဲ့သို့ခြေလှမ်း လှမ်းနိုင်ရန် သဘောတူညီချက်များအား လွယ်ကူစွာ ရရှိခဲ့ခြင်း မဟုတ်ဘဲ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် စိတ်ဓာတ်ကျစရာများ ၊ စိတ်တက်ကြွစရာများ ကျော်ဖြတ်ပြီးမှ ယခုလို ရရှိလာခဲ့ခြင်း ဖြစ်သည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ထည့်သွင်း ပြောကြားခဲ့သည်။

[အငြင်းပွားမှုများ ရှိခဲ့]

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ ဒုတိယ အစည်းအဝေးတွင် ကဏ္ဍအလိုက် ၊ အစုအဖွဲ့အလိုက် ဆွေးနွေးပွဲများ အဆင့်ဆင့် ပြုလုပ်ရာတွင် နိုင်ငံရေး ကဏ္ဍတွင် ခွဲထွက်ခွင့် ဟူသည့် စကားရပ် အပေါ် သဘောထား ကွဲလွဲမှုများ ရှိခဲ့ပြီး အငြင်းပွားမှုများ ရှိခဲ့ကာ ထိုစကားရပ် နှင့် ပတ်သက်သည့် အစိတ်အပိုင်းများအား ချန်ထားခဲ့ရကြောင်း UPDJC အတွင်းရေးမှူး အဖွဲ့ဝင်များထံမှ သိရသည်။

“၂၁ ရာစုပင်လုံရဲ ့အဓိက ရည်ရွယ်ချက် ကတော့ ပြည်ထောင်စုကြီးကို မကွဲ မပျက်ဘဲ ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့ ဖြစ်ပါတယ်။ လိုချင်တာက ခွဲမထွက်ဘူး ဆိုတဲ့ ဟာလေးပါ။ ဒီ အာခံချက်က သမိုင်းရဲ့ သင်ခန်းစာ အရ ထည့်တာ ဖြစ်ပါတယ်။ စိုးရိမ်ပူပန်မှုကို ဖြေဖျောက်အောင် ထည့်တာ ဖြစ်ပါ တယ်။ ဒီဟာကိုပေးမယ်ဆိုရင် တစ်ဖက်မှာ ကိုယ်ပိုင်ပြဌာန်းချက်တွေကို ပေးနိုင်မှာဖြစ်ပါတယ်”ဟု UPDJC အတွင်းရေးမှူး အဖွဲ့ဝင် ဦးဇော်ဌေးက ပြောကြားခဲ့သည်။

ထိုကြောင့် ဆက်လက် ကျင်းပမည့် ညီလာခံများတွင် ထိုကဲ့သို့မဖြစ်ပွားရအောင် ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ တိုင်းရင်းသားများထဲတွင် ခွဲထွက်ခွင့်ကို တောင်းဆိုသည့်သူ မရှိကြောင်း ၊ ထိုစာသားကို ယခုအချိန်တွင် လက်မခံနိုင်သေးသည့်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ နယ်မြေများ အားလုံးတွင် အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ မကျင်းပ ရသေးသည့် အတွက် ဖြစ်ကြောင်း ၊ ထို့အတူ အရေးအသား ပုံစံကို ပြောင်းချင်သည့် အတွက် ဖြစ်ကြောင်း UPDJC အတွင်းရေးမှူး အဖွဲ့ဝင် ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆာခေါင်က ပြောကြားခဲ့သည်။

[ငြိမ်းချမ်းရေး ခရီးလမ်း]

“ငြိမ်းချမ်းရေး ခရီးလမ်းမှာ ရှေ့ကိုမျှော် အနာဂတ်ကို အာရုံပြုလို့သွက်သွက်လက်လက် ဆက်လက် လျှောက်လှမ်းကြဖို့”နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က တိုက်တွန်းခဲ့သည်။ယခု ကျင်းပ ပြီးစီးခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ ဒုတိယ အစည်းအဝေးတွင် အစိုးရ ၊ လွှတ်တော် ၊ တပ်မတော် နှင့် NCA စာချုပ်တွင် လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ ့အပြင် ညီလာခံ ဖွင့်ပွဲ အခမ်းအနားသို့မြန်မာနိုင်ငံ မြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့ပါဝင် တက်ရောက်ခဲ့သည်။

[တွေ့ဆုံဆွေးနွေးရေး တံခါးဖွင့်]

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ NCA Umbrella အောက် ရောက်ရှိလာအောင် တွေ့ဆုံဆွေးနွေးရေးတံခါးကို ဖွင့်ပြီး ကြိုးပမ်းဆောင်ရွက် သွားမှာ ဖြစ်ပါတယ်”ဟု ညီလာခံ ဖွင့်ပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

[သဘောတူညီချက်များ]

ပြည်ထောင်စု သဘောတူ စာချုပ်၏ အစိတ်အပိုင်း(၁) အဖြစ် သဘောတူ အတည်ပြုချက်များ အနက် နိုင်ငံရေး ကဏ္ဍ မူဝါဒ သဘောတူညီချက်များတွင် ဖက်ဒရယ် စနစ်တွင် အခြေခံရမည့် မူများ အဖြစ် အချုပ်အခြာ အာဏာ ၊ အချုပ်အခြာ အာဏာ ကျင့်သုံးမှု ၊ တန်းတူရေး ၊ ဖက်ဒရယ် ပြည်ထောင်စုမူ(ဖွဲ့စည်းမှု နှင့် အာဏာ ခွဲဝေမှု) ၊ ပါတီစုံ ဒီမိုကရေစီ စနစ် စသည်တို့ပါဝင်ခဲ့သည်။

စီးပွားရေး ကဏ္ဍ မူဝါဒ သဘောတူညီချက်တွင် ဖက်ဒရယ် စနစ် စီးပွားရေး ဆိုင်ရာ အခြေခံမှုများ အဖြစ် ဈေးကွက် စီးပွားရေး စနစ်ကို ပီပြင်အောင် ဖော်ဆောင်ရေး ၊ ပြည်ထောင်စု နှင့် တိုင်းဒေသကြီး/ပြည်နယ်များ ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ အသီးသီးတို့တွင် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အတွက် တန်းတူ ညီမျှသော အခွင့်အရေးများ ရရှိရေး ထိရောက်စွာ ဆောင်ရွက်ရန် ၊ ပြည်ထောင်စု အစိုးရ နှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရများ အကြား ဘဏ္ဍာငွေ နှင့် အခွန်ငွေများကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် အညီ မျှတစွာ ခွဲဝေရန် စသည့် အချက်များ ပါဝင်ခဲ့သည်။

လူမှုရေး ကဏ္ဍ မူဝါဒ သဘောတူညီချက်များ အဖြစ် ဒုက္ခသည်များ နှင့် ပြည်တွင်း နေရပ် စွန့်ခွာရသူများ အတွက် ရေရှည် ရှင်သန် ရပ်တည်နိုင်ရေး ၊ လူ့ဂုဏ်သိက္ခာ နှင့် အညီ ဘေးကင်း လုံခြုံစွာ အခြေချ နေထိုင်နိုင်ရေး ၊ သက်ကြီး ရွယ်အိုများ ၊ မသန်စွမ်းသူများ ၊ အမျိုးသမီးများ နှင့် ကလေးသူငယ်များ၏ အခြေခံ ရပိုင်ခွင့် နှင့် အခွင့်အရေးများ ၊ မူးယစ်ဆေးဝါး ဆိုင်ရာ ကိစ္စရပ်များကို အမျိုးသားရေး ပြဿနာ ၊ နိုင်ငံရေး ၊ လုံခြုံရေး နှင့် တရားဥပဒေ စိုးမိုးရေး ပြဿနာ အဖြစ် သတ်မှတ်၍ ထိရောက်စွာ တားဆီး ကာကွယ် တိုက်ဖျက်နိုင်ရေး စသည်တို့ပါဝင်ခဲ့သည်။

မြေယာ နှင့် သဘာ၀ ပတ်ဝန်းကျင် ကဏ္ဍ မူဝါဒ သဘောတူညီချက်များတွင် ပိုင်ဆိုင်ခွင့် ၊ စီမံ ခန့်ခွဲခွင့် ၊ အကာအကွယ် ပြုရေး ဆိုင်ရာ အစီအမံများ စသည်တို့ပါဝင်ခဲ့သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ ဒုတိယ အစည်းအဝေးတွင် လုံခြုံရေး ကဏ္ဍ အနေဖြင့် အဆိုပြုလွှာများကို လုပ်ငန်း ကော်မတီတွင် ဆွေးနွေးနေဆဲ ဖြစ်၍ လုံခြုံရေး ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးရာတွင် တပ်မတော် တစ်ခုတည်း ထားရှိရေး ကိစ္စကို အစုအဖွဲ့အသီးသီးက စာတမ်း တင်သွင်း ဆွေးနွေးခြင်းများသာ ပြုလုပ်ခဲ့သည်။

[လက်မှတ် ရေးထိုး ချုပ်ဆို]

ပြည်ထောင်စု သဘောတူ စာချုပ်၏ အစိတ်အပိုင်း(၁) အဖြစ် လက်မှတ်ရေးထိုးရာတွင် အစိုးရ အစုအဖွဲ့ကိုယ်စားလှယ် အဖြစ် ဒေါက်တာ တင်မျိုးဝင်း ၊ လွှတ်တော် အစုအဖွဲ့ကိုယ်စားလှယ် အဖြစ် ဦးထွန်းထွန်းဟိန် ၊ တပ်မတော် အစုအဖွဲ့ကိုယ်စားလှယ် အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး တင်မောင်ဝင်း ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့ကိုယ်စားလှယ် အဖြစ် ပဒို စောကွယ်ထူးဝင်း နှင့် နိုင်ငံရေး ပါတီများ အစုအဖွဲ့ကိုယ်စားလှယ် အဖြစ် ဦးသုဝေတို့က လက်မှတ် ရေးထိုး ချုပ်ဆိုခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.