Connect with us

Politics, Law & Military

နိုင်ငံခြားသား အမြဲ နေထိုင်ခွင့်ပြုခြင်းဆိုင်ရာ လုပ်ငန်း စတင် ဆောင်ရွက်ချိန်မှ ယခုအထိ လျှောက်ထားသူ စုစုပေါင်း ၆၁၄ ရှိသည့် အနက် ၅၄၇ ဦးအား ခွင့်ပြုပေးထား

နိုင်ငံခြားသား အမြဲ နေထိုင်ခွင့်ပြုခြင်း ဆိုင်ရာ အကောင်အထည် ဖော်ရေး ဗဟိုကော်မတီမှ စိစစ် အတည်ပြုပြီးသူများအား လူတွေ့ မေးမြန်း အကဲဖြတ်ခြင်းများ ဆောင်ရွက်စဉ်(ဓာတ်ပုံ - MOI)

ရန်ကုန် ၊ စက်တင်ဘာ ၄ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၌ နိုင်ငံခြားသား အမြဲ နေထိုင်ခွင့်ပြုခြင်းဆိုင်ရာ လုပ်ငန်း စတင် ဆောင်ရွက်သည့် ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၂၉ ရက်မှ ယခုအထိ နိုင်ငံခြားသား အမြဲ နေထိုင်ခွင့် လျှောက်ထားသူ စုစုပေါင်း ၆၁၄ ဦး ရှိသည့် အနက် ၅၄၇ ဦးအား ခွင့်ပြုပေးခဲ့ပြီး နိုင်ငံခြားသား အမြဲနေထိုင်ခွင့် လက်မှတ် နှင့် ကတ်ပြားများ ထုတ်ပေး ဆောင်ရွက်လျက် ရှိကြောင်း အလုပ်သမား ၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အား ဝန်ကြီး ဌာနထံမှ သိရသည်။

နိုင်ငံခြားသား အမြဲနေထိုင်ခွင့် လျှောက်ထားသူများ အနက် နိုင်ငံခြားသား အမြဲ နေထိုင်ခွင့်ပြုခြင်း ဆိုင်ရာ အကောင်အထည် ဖော်ရေး ဗဟိုကော်မတီမှ စိစစ် အတည်ပြုပြီးသူများအား လူတွေ့မေးမြန်း အကဲဖြတ်ခြင်းကို စက်တင်ဘာ ၂ ရက်တွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီး ဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည် ဖော်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေ နှင့် ကော်မတီဝင် များသည် လူတွေ့အကဲဖြတ်ခံရမည့် နိုင်ငံခြားသား အမြဲ နေထိုင်ခွင့် လျှောက်ထားသူများအား တစ်ဦးချင်း တွေ့ဆုံ၍ ၎င်းတို့၏ ကိုယ်ရေး အချက်အလက်များ ၊ ပြဋ္ဌာန်း ထားသည့် နည်းဥပဒေများ အပေါ် သိရှိ လိုက်နာ ဆောင်ရွက်နိုင်ရေး အခြေအနေများကို မေးမြန်း ဆွေးနွေးကာ အကဲဖြတ် အတည်ပြု ဆုံးဖြတ်ကြကြောင်း သိရသည်။

ယခုအခါ ဗဟိုကော်မတီမှ စိစစ် အတည်ပြုပြီးသူများ အနက် ရင်းနှီးမြှုပ်နှံသူ (၁) ဦး ၊ မြန်မာနိုင်ငံသားဟောင်း (၁၄) ဦး ၊ ယင်းတို့နှင့် သွေးချင်း ဆက်စပ်သူ (၅) ဦး ၊ စုစုပေါင်း နိုင်ငံခြားသား (၂၀) အား လူတွေ့မေးမြန်း အကဲဖြတ် အတည်ပြုဆောင်ရွက်မည် ဖြစ်ပြီး အတည်ပြုပြီးပါက အထက် အဆင့်ဆင့်သို့တင်ပြ၍ နေထိုင်ခွင့် လက်မှတ် နှင့် ကတ်ပြားများ ထုတ်ပေးနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားသားများအား ကျွမ်းကျင် ပညာရှင် ၊ ရင်းနှီးမြှုပ်နှံသူ ၊ မြန်မာနိုင်ငံသားဟောင်း နှင့် ယင်းတို့နှင့် သွေးချင်း ဆက်စပ်သူများဟူ၍ အမျိုးအစား (၄) မျိုး ခွဲခြားသတ်မှတ်ကာ နိုင်ငံခြားသား အမြဲ နေထိုင်ခွင့် စနစ် ကျင့်သုံး ခွင့်ပြု ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.