Connect with us

Politics, Law & Military

နိုင်ငံတစ်ဝှမ်း သီတင်းနှစ်ပတ်အတွင်း တရားမဝင်သစ် ၇၇၂ တန် ကျော် ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်အတွင်း တရားမဝင်သစ် ဖမ်းဆီးရမိမှု တစ်ခုအား နိုဝင်ဘာ ၂၀ ရက်က တွေ့ရစဉ်(ဓာတ်ပုံ - Forest Department)

ရန်ကုန် ၊ နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

နိုင်ငံတစ်ဝှမ်း သီတင်းနှစ်ပတ်အတွင်း တရားမဝင် သစ် ပမာဏ ၇၇၂ တန်ကျော်အား ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနထံမှ သိရသည်။

အဆိုပါ ဖမ်းဆီးရမိမှုများသည် နိုဝင်ဘာ ၉ ရက်မှ ၂၂ ရက်အထိ နေပြည်တော် ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီး နှင့် ပြည်နယ်များအတွင်းမှ ဖြစ်ကြောင်း သိရသည်။တရားမဝင်သစ် ၇၇၂ တန်ကျော်တွင် ကျွန်း ၁၃၂ ဒသမ ၈ တန် ၊ သစ်မာ ၇၇ ဒသမ ၇ တန် နှင့် အခြား ၅၆၂ ဒသမ ၂ တန်တို့ ပါဝင်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိမှုများတွင် ပြစ်မှုကျူးလွန်သူ ၉၄ ဦး ၊ ယာဉ်/ယန္တရား ၇၀ စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီး ဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ် ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ်အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။(Xinhua)