Connect with us

Politics, Law & Military

နိုင်ငံတော်သမ္မတက ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ညီညွတ်သည့် စုပေါင်းအင်အားဖြင့် အမြော်အမြင်ကြီးစွာ ပါဝင်ဆောင်ရွက်သွားကြရန် ရခိုင်ပြည်နယ်နေ့အခမ်းအနားသို့ သဝဏ်လွှာပေးပို့ တိုက်တွန်း

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ဒီဇင်ဘာလအတွင်း ပြုလုပ်သည့် အခမ်းအနားတစ်ခုတွင် မိန့်ခွန်း ပြောကြားနေသည်ကို တွေ့ရစဉ်(ဓာတ်ပုံ - Myanmar President Office)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၅ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

ရခိုင် ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူ့အဖွဲ့အစည်းများ သဟဇာတရှိစေရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး သာယာလှပသည့် ပြည်နယ် ဖြစ်လာစေရေးနှင့် အနာဂတ် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက် ရေးတို့တွင် ညီညွတ်သည့် စုပေါင်းအင်အားဖြင့် အမြော်အမြင်ကြီးစွာ ဆက်လက်ကြိုးပမ်း ပါဝင်ဆောင်ရွက်သွားကြရန် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ၄၆ ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် တိုက်တွန်းပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မိမိတို့အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်တာဝန်များကို စတင်ထမ်းရွက်ရချိန်မှစ၍ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများဖွဲ့စည်းကာ ရခိုင်ပြည်နယ်အရေးကိစ္စများကို ရေတို၊ ရေရှည် နည်းလမ်းများဖြင့် အထူးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း သဝဏ်လွှာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ဒီမိုကရေစီအသွင်ကူးပြောင်းရေးလမ်းကြောင်းပေါ် လျှောက်လှမ်းနေ သည့် မိမိတို့နိုင်ငံတွင် တိုင်းရင်းသားအားလုံး မိမိတို့လိုလားချက်များကို ရွေးချယ်ခံကိုယ်စားလှယ်များမှတစ်ဆင့် လွှတ်တော်အသီးသီးတွင် တင်ပြ တောင်းဆိုနိုင်သလို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစု ပင်လုံ အစည်းအဝေးများတွင်လည်း တွေ့ဆုံဆွေးနွေးညှိနှိုင်းနိုင်သည့် နိုင်ငံရေး လမ်းကြောင်းများ ဖွင့်ထားပြီးဖြစ်ကြောင်း ၊ မိမိတို့တိုင်းရင်းသားများ အခွင့်အရေး အတွက် လက်နက်ကိုင်နည်းလမ်းဖြင့် တောင်းဆိုခြင်းသည် ဒေသခံပြည်သူများအား အထိခိုက်အနစ်နာဆုံးဖြစ်စေသည်ကို သက်ဆိုင်သူများအားလုံး သတိပြု သင့်ကြောင်း သဝဏ်လွှာတွင် ထည့်သွင်း ဖော်ပြခဲ့သည်။

လွတ်လပ်၍ တရားမျှတသည့်ရွေးကောက်ပွဲများ ကျင်းပနိုင်သည့် လုံခြုံရေး အခြေအနေမရှိသဖြင့် ရွေးကောက်ပွဲရွှေ့ဆိုင်းခဲ့ရသော ရခိုင်ပြည်နယ်ရှိ နယ်မြေဒေသများ၊ ယင်းနယ်မြေဒေသများရှိ ပြည်သူများအားလုံးအတွက်လည်း အထူးပင် စိတ်မကောင်းဖြစ်ရကြောင်း ၊ ယင်းနယ်မြေဒေသများ တည်ငြိမ် အေးချမ်းပြီး လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲများ အမြန်ဆုံးကျင်းပ နိုင်သည့် အခြေအနေရောက်ရှိအောင် သက်ဆိုင်သည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့ အစည်းများအားလုံးက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်လည်း အထူးမေတ္တာရပ်ခံကြောင်း နိုင်ငံတော် သမ္မတ၏ သဝဏ်လွှာတွင် ထည့်သွင်း ဖော်ပြထားသည်။

ထို့အတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ၄၆ ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့သို့ သဝဏ်လွှာပေးပို့ခဲ့ပြီး ယင်းသဝဏ်လွှာထဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အကြောင်းတရားမျိုးစုံနှင့်ချဉ်းကပ်လာသည့် မတရားမှုတိုင်းအတွက် တပ်မတော်အနေဖြင့် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားကာ အကာအကွယ်ပေးသွားမည် ဖြစ်ကြောင်း ၊ ယင်းမှာ တပ်မတော်၏ သမိုင်းပေးတာဝန်လည်း ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း ရင်ဆိုင် ကြုံတွေ့နေရသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ များ၊ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးကိစ္စများ၊ ဒေသဖွံ့ဖြိုးရေးနှင့် ရေရှည်ပဋိပက္ခကင်းဝေးစေရေး ကိစ္စများအတွက် တပ်မတော်အနေဖြင့် တစ်ဖက်တစ်လမ်းမှကြိုးစားပုံဖော်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

ထို့ပြင် တည်ရှိပြီးသားပိုင်နက်နယ်မြေ၊ ယဉ်ကျေးမှုများ ယုတ်လျော့မသွားစေရန် ဥမကွဲ၊ သိုက်မပျက် စည်းလုံးညီညွတ်စွာ အမွေဆက်ခံသွားကြရမည်မှာ မိမိတို့အားလုံး၏တာဝန်ပင်ဖြစ်ကြောင်း၊ မလိုလားအပ်သည့် ဒေသစွဲ၊ လူမျိုးစွဲစိတ်များသည် တိုင်းပြည်တိုးတက်ရေး လမ်းကြောင်းအတွက် အဟန့်အတားများဖြစ်သည်ကို လေးလေးနက်နက် သတိမူကြရန် လိုအပ်ကြောင်း ၊ နိုင်ငံ့စီးပွားရေး၊ လူမှုရေး၊ ပထဝီ အနေအထားအရ အရေးပါလှသည့် ဒေသတစ်ခုဖြစ်သည်နှင့်အညီ ဒို့တာဝန်အရေးသုံးပါးကို အစဉ်သတိမူပြီး မိမိနိုင်ငံအမျိုးသားစီးပွားသာ ပထမဆိုသည့်အသိတရားကို လက်ကိုင် ထားကြရန် လိုအပ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သဝဏ်လွှာတွင် ဖြည့်စွက်ဖော်ပြထားသည်။

၁၉၇၄ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းနှင့်ပြည်နယ်များ သတ်မှတ်ပြဋ္ဌာန်းရာတွင် ရခိုင်ပြည်နယ်ကို ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ခဲ့ကြောင်း ၊ ၁၉၇၄ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုရေးအတွက် ဆန္ဒခံယူပွဲစတင်ကျင်းပခဲ့သည့် ဒီဇင်ဘာလ ၁၅ ရက်နေ့ကို ရခိုင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့ပြီး၊ ၁၉၇၅ ခုနှစ်မှစတင်၍ ပြည်နယ်နေ့အခမ်းအနားကို နှစ်စဉ်ကျင်းပလာခဲ့ကြောင်း သိရသည်။ (Xinhua)