Connect with us

Politics, Law & Military

အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို တက်ညီလက်ညီ ဆက်လက် တိုးမြှင့်ပူးပေါင်း ဆောင်ရွက်ရန် သမ္မတတိုက်တွန်း

အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် နိုင်ငံတော်သမ္မတ မိန့်ခွန်းပြောကြားစဉ် (ဓာတ်ပုံ- သမ္မတရုံး)

ရန်ကုန်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော်

အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို တက်ညီလက်ညီ ဆက်လက် တိုးမြှင့်ပူးပေါင်း ဆောင်ရွက်ရန် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ယနေ့ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် တိုက်တွန်း ပြောကြားခဲ့သည်။

ယခုနှစ်အတွက် အပြည်ပြည်ဆိုင်ရာ အဂတိတိုပ်ဖျက်ရေးနေ့၏ ဆောင်ပုဒ်သည် ကမ္ဘာ့ကပ်ရောဂါကာလ အချိန်အခါနှင့် ကိုက်ညီစွာ “ဖြောင့်မတ်တည်ကြည်မှုဖြင့် ပြန်လည်ထူထောင်ကြပါစို့”ဖြစ်သည့်အတွက် ဆောင်ပုဒ်နှင့် အညီ COVID-19ကပ်ရောဂါကြောင့် နိုင်ငံ၌ တွေ့ကြုံနေရသည့် စီးပွားရေး၊ လူမှုရေး အခက်အခဲများနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရာတွင် ဖြောင့်မတ်တည်ကြည်မှု၊ အဂတိကင်းရှင်းမှုဖြင့် ဆောင်ရွက်ကြရန်နှင့် အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်နှင့် တရားစီရင်ရေးမဏ္ဍိုင်များမှ တာဝန်ရှိသူများနှင့် ပြည်သူတစ်ရပ်လုံးက အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို တက်ညီလက်ညီ ဆက်လက် တိုးမြှင့်ပူးပေါင်း ဆောင်ရွက် ရန် အလေးအနက်တိုက်တွန်းကြောင်း သမ္မတက ဆိုသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ကောင်းမွန်စွာဆောင်ရွက်နိုင်မှုကြောင့် အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှုအဖွဲ့ကပြုလုပ်သည့် Global Corruption Barometer ASIA 2020 စစ်တမ်းတွင် အာရှ (၁၇)နိုင်ငံ၌ မြန်မာနိုင်ငံက အဆင့်(၁) နေရာတွင် အမြင့်ဆုံးအသိအမှတ်ပြုခံရကြောင်း နိုင်ငံတော် သမ္မတက ဆက်လက်ပြောကြားခဲ့သည်။

အဆိုပါ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အားလုံးပါဝင်ပြီး စနစ်တကျနှင့် ရေရှည်ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အမျိုးသားအဆင့် အဂတိုက်လိုက်စားမှု မဟာဗျူဟာရေးဆွဲချမှတ်နိုင်ရေးအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်တို့က တာဝန်ရှိသူများ၊ ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းရှင်များ၊ အရပ်ဖက်လူ့အဖွဲ့အစည်းများ၊ သတင်းမီဒီယာများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိုနှိုင်းပြီး ဦးဆောင်ကော်မတီနှင့် အထောက်အကူပြုလုပ်ငန်းကော်မတီများ ဆောင်ရွက်ထားကြောင်း သိရသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ခြင်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြီးမားဆုံးအတားအဆီးများအနက် တစ်ခုကိုဖယ်ရှားခြင်းဖြစ်ကြောင်း နိုင်ငံတော် သမ္မတက ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)