Connect with us

Politics, Law & Military

နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များသီးသန့်အစည်းအဝေး၌ သဘောတူညီချက် (၇)ချက် ရရှိ

နိုင်ငံတော်အစိုးရ နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ သီးသန့်အစည်းအဝေး ဒုတိယနေ့ကျင်းပစဉ်(နိုင်ငံတော်အတိုင်ပင်ခံရုံး)

နေပြည်တော်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)

နိုင်ငံတော်အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များမှ ခေါင်းဆောင်များ၏ သီးသန့်အစည်းအဝေး၌သဘောတူညီချက် (၇) ချက်ရရှိခဲ့ကြောင်းအစည်းအဝေးအပြီးသတင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အဆိုပါ သီးသန့်အစည်းအဝေးတွင်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ၊ တတိယအစည်းအဝေး၏ ထုတ်ပြန်ကြေညာချက်ပါ၂၀၂၀ ပြည့်နှစ်မတိုင်မီ၊ ကျင်းပရန် မျှော်မှန်းထားသည့် ညီလာခံ(၃)ကြိမ်တွင် အရေးကြီးသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများ ချမှတ်နိုင်ရေးအတွက် လိုအပ်သည့် အချိန်ဇယားနှင့်ဦးစားပေးလုပ်ငန်းစဉ်များ၊နိုင်ငံရေးဆွေးနွေးပွဲများတွင် သဘောတူညီမှုရရှိရန်လိုအပ်နေသည့် ကိစ္စရပ်များအား ဖြေရှင်း ကျော်လွှားနိုင်ရေး၊လက်ရှိ နိုင်ငံရေးဆွေးနွေးမှုပုံစံကို ပိုမိုရှင်းလင်းလွယ်ကူအောင် ဆောင်ရွက်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်ခေါင်းဆောင်များ အကြား သဘောတူညီချက်များ ရယူပြီး ယင်းသဘောတူညီချက်များကိုအကောင် အထည်ဖော်ဆောင်ရွက်ရေး၊NCA အခန်း(၅)၊

နိုင်ငံရေးလမ်းပြမြေပုံချမှတ်ခြင်း အပိုဒ် ၂၀ (ဂ) ပါ လုံခြုံရေးဆိုင်ရာပြန်လည် ပေါင်းစည်းခြင်း ကိစ္စရပ်များ၊ လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးမှုများ စတင် ပြုလုပ်ရေး စသည့်တို့ကို သဘောတူညီချက် ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ဆက်လက်ပြီး NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အားလုံး ပါဝင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရေး နှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပိုမိုခိုင်မာအောင် ဆောင်ရွက်ရာတွင် NCAပါ သဘော တူညီချက်များအတိုင်း ဆက်လက်ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ရေးတို့လည်း သဘောတူညီချက် ရရှိခဲ့ကြောင်း သိရသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အား စတင်လက်မှတ်ရေးထိုးခဲ့သည်မှာ အောက်တိုဘာ ၁၅ ရက်၌ (၃)နှစ် ပြည့်မြောက်မည်ဖြစ်သဖြင့် အဆိုပါ (၃)နှစ်ပြည့်အခါသမယတွင် ပုံမှန်ကျင်းပနေသည့် အခမ်းအနားမျိုး မပြုလုပ်ဘဲငြိမ်းချမ်းရေးအတွက် အနှစ်သာရ အကျိုးရလဒ် ရရှိ ထွက်ပေါ်နိုင်မည့်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးရန်၊ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံတတိယအစည်းအဝေး၏ ထုတ်ပြန်ကြေညာချက်အား အကောင်အထည်ဖော်ရာတွင် ညှိနှိုင်းဆွေးနွေး၍ သဘောတူညီ ချက်မရသေးသည့် အချက်များကို ခေါင်းဆောင်များ၏ နိုင်ငံရေးသဘောတူညီချက် များဖြင့်ဖြေရှင်းရန်နှင့်တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)အကောင်အထည်ဖော်မှု အဖြစ် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကို အခြေခံသောပြည်ထောင်စု တည်ဆောက်ရေး အတွက် အရေးကြီးသည့် အခြေခံမူများ ချမှတ်နိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး ရရှိရန်အတွက် တာဝန်ယူမှု၊တာဝန်ခံမှုနှင့် ပွင့်လင်း မြင်သာမှုတို့ကို အခြေခံ၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အား ပြည်ထောင်စု မပြိုကွဲရေး၊တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ရှေးရှု၍ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့်တရားမျှတမှုတို့ကို အခြေခံပြီး ပင်လုံစိတ်ဓါတ်နှင့် အညီ ဒီမိုကရေစီရေး၊အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အာမခံချက် များ အပြည့်အဝ ရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကိုအခြေခံသည့်ပြည်ထောင်စုကို နိုင်ငံရေး ဆွေးနွေးပွဲရလဒ်များနှင့် အညီတည်ဆောက်သွားရန် သန္နိဋ္ဌာန်ဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထာသည်။

“ခွဲမထွက်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် စကားနှစ်ရပ်နဲ့ ပတ်သက်ပြီး စကားရပ်နှစ်ရပ်လုံးကို လွှမ်းခြုံနိုင်တဲ့စာသားတွေ ရွေးချယ်သွားဖို့ ဆုံးဖြတ်တာဝန်ပေးလိုက်ပါတယ်၊ ဒီစကားရပ်နှစ်ရပ်ပေါ် အစိုးရဘက်ကရော တိုင်းရင်းသားဘက်ကရော နှစ်ဖက်လုံးက စိုးရိမ်မှုတွေနဲ့အတူ လိုလားမှုတွေရှိနေပါတယ်၊ စိုးရိမ်မှုတွေကို လျော့နည်းပြီး လိုလားမှုတွေကို ပြည့်ဝစေမယ့် စကားရပ် ပြောင်းလဲသုံးစွဲနိုုင်ဖို့ ဆုံးဖြတ်တာဝန်ပေးခဲ့တယ်”ဟု UPDJC ၏ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဇော်ဌေးက ယနေ့ ညနေပိုင်းတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

အစိုးရအနေဖြင့် တိုင်းရင်းသားအားလုံး သဘောထားများ ပါဝင်လာနိုင်ရန် နိုဝင်ဘာ လဆန်းပိုင်းတွင် NCAလက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် လက်မှတ်မထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့်တွေ့ဆုံနိုင်ရန် ဖိတ်ကြားထားကြောင်း ဦးဇော်ဌေးက ဆိုသည်။

” တပ်မတော် တစ်ခုထဲတည်ရှိမှုကို တိုင်းရင်းသားအဖွဲ့တွေဘက်က လက်ခံတယ်။ သို့သော် လူမျိုးပေါင်းစုံပါဝင်တဲ့ တပ်မတော်မျိုး ဘယ်လိုဖွဲ့စည်းမလဲဆိုတာကို ဆွေးနွေးဖို့ ဆုံးဖြတ်ထားပါတယ်”ဟု UPDJC ၏ အတွင်းရေးမှူး အဖွဲ့ဝင် ပဒိုစောကွယ်ထူးဝင်းက ဆိုသည်။နိုင်ငံတော်အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များမှ ခေါင်းဆောင်များ၏ သီးသန့်အစည်းအဝေးကို နေပြည်တော်၊ ရွှေစံအိမ်ဟိုတယ်တွင်အောက်တိုဘာလ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပခဲ့သည်။(Xinhua)