Connect with us

Politics, Law & Military

နိုင်ငံရေးဆွေးနွေးပွဲများ စဉ်ဆက်မပြတ် ကျင်းပနိုင်ရေး အားလုံးဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ကြရန် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ ဥက္ကဋ္ဌ တိုက်တွန်း 

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစု ပင်လုံ စတုတ္ထအစည်းအဝေး ဖွင့်ပွဲ အခမ်းအနားတွင် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က အမှာစကား ပြောကြားစဉ်(ဆင်ဟွာ)

နေပြည်တော် ၊ ဩဂုတ် ၁၉ ရက်(ဆင်ဟွာ) 

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ အပါအဝင် နိုင်ငံရေးဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ကျင်းပနိုင်ရေးအတွက် မိမိတို့ အားလုံးအနေဖြင့် ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်သွားကြရန် အလေးအနက် တိုက်တွန်းလိုကြောင်း သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစု ပင်လုံ စတုတ္ထအစည်းအဝေး ဖွင့်ပွဲ အခမ်းအနားတွင် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ကိုယ်စား အမှာစကား ပြောကြားရာ၌ ထည့်သွင်း ပြောကြားခဲ့သည်။ 

“လာမယ့် ၂၀၂၀ အလွန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ နိုင်ငံရေး ဆွေးနွေးပွဲ အဆင့်ဆင့်တွေမှာ NCA စာချုပ် လက်မှတ်မရေးထိုးသေးတဲ့ ညီနောင်တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ ပါဝင်နိုင်ရေးအတွက် အားလုံး ပါဝင်ရေးမူဖြင့် အလေးထား စီစဉ်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ထို့အပြင် ပြည်သူလူထုနဲ့ လူမှုအခြေပြု အဖွဲ့အစည်းများ အခန်းကဏ္ဍတွေကိုလည်း ထည့်သွင်း စဉ်းစားသင့်ပါကြောင်း တိုက်တွန်းလိုပါတယ်။”ဟု ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။ 

သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က လာမည့် ၂၀၂၀ အလွန်ကာလတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖော်ဆောင်မှု ပုံစံနှင့် ပတ်သက်၍ မိမိတို့ကြားတွင် သေချာ ညှိနှိုင်းဆွေးနွေးပြီး သဘောတူညီထားရန် လိုအပ်မည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံကို ပုံမှန်ဆိုပါက ၆ လတစ်ကြိမ် ကျင်းပရမည် ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် သတ်မှတ်ထားသည့် အချိန်အတိုင်း ကျင်းပရန် မိမိတို့ မဆောင်ရွက်နိုင်ခဲ့ကြောင်း ၊ ယင်းမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ကြီးမားသည့် ဆုံးရှုံးမှု ဖြစ်ကြောင်း ၊ ပြီးခဲ့သည့် ၃ နှစ်ကျော်ကာလအတွင်း ညီလာခံ ၃ ကြိမ်သာ ကျင်းပနိုင်ခဲ့ပြီး သဘောတူညီချက် ၅၁ ချက် ရရှိခဲ့ကြောင်း ၊ အမှန်မှာ ယင်းထက်များပြား ထိရောက်ပြည့်စုံသည့် သဘောတူညီချက်များကို ရရှိရမည် ဖြစ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။ 

“မိမိတို့အချင်းချင်းအကြားမှာ မယုံကြည်မှုတွေ ၊ မယုံသင်္ကာမှုတွေ ၊ သံသယတွေ ၊ လိုအပ်တာထက်ပိုတဲ့ သတိထားမှုတွေ ၊ သူ့မူကိုယ့်မူ အသေဆုပ်ကိုင်ထားမှုတွေ ၊ အောက်ခြေထိတွေ့မှုလေးတွေ ၊ လုပ်နည်းလုပ်ဟန် အဆင်မပြေမှုတွေကို မဖြေရှင်းနိုင်ခဲ့လို့ ထိုက်သင့်တဲ့ အလျှော့အတင်းတွေ မပြုလုပ်နိုင်ခဲ့လို့ ပြည်ထောင်စု သဘောတူစာချုပ်ပါ အချက်တွေကို ထင်သလောက် မရရှိခဲ့တာပဲ ဖြစ်ပါတယ်။”ဟု သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ထည့်သွင်း ပြောကြားခဲ့သည်။ 

ထိုသို့ အတွေ့အကြုံများ ၊ သင်ခန်းစာများ ရယူအသုံးပြုပြီး လာမည့် ရှေ့ခရီးတွင် အကောင်းဆုံး ဖြစ်အောင် ပြင်ဆင်ထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစု ပင်လုံ စတုတ္ထအစည်းအဝေးကို ဩဂုတ် ၁၉ ရက်မှ ၂၁ ရက် အထိ သုံးရက်ကြာ ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး ညီလာခံ နောက်ဆုံးနေ့တွင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)အား ချုပ်ဆိုသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)