Connect with us

Politics, Law & Military

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆောင်ရွက်ရာတွင် အမျိုးသားအကျိုးစီးပွားမှအပ ကျန်အကျိုးစီးပွား ကင်းရှင်းစွာ ဆောင်ရွက်သွားကြရမည်ဟု  တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ပြောကြား 

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစု ပင်လုံ စတုတ္ထအစည်းအဝေး ဖွင့်ပွဲ အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကား ပြောကြားစဉ်(ဆင်ဟွာ)

 

နေပြည်တော် ၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ) 

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆောင်ရွက်ရာတွင် ငြိမ်းချမ်းရေးထက် အရေးကြီးသည့် အခြားလုပ်ငန်း မရှိဆိုသည်ကို သဘောပေါက်ပြီး အမျိုးသား အကျိုးစီးပွားမှအပ ကျန်အကျိုးစီးပွား ကင်းရှင်းစွာ ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ ဩဂုတ် ၁၉ ရက်တွင် ကျင်းပသော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစု ပင်လုံ စတုတ္ထအစည်းအဝေး ဖွင့်ပွဲ အခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။  

“ကျွန်တော်တို့ နိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ဘာတွေ လိုအပ်နေသလဲ ၊ ဘာတွေ အခက်အခဲ ဖြစ်စေသလဲဆိုတာ မြင်အောင်ကြည့်ပြီး ပြုပြင်စရာ ရှိတာတွေကို အမြန်ပြုပြင်ရမှာ ဖြစ်ပါတယ်။”ဟု ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ကျွန်တော်တို့အားလုံးသည် မြန်မာ” ဆိုသည့် စိတ် ၊ တစ်သွေး ၊ တစ်သားတည်း စည်းလုံးညီညွတ်သည့်စိတ်နှင့် ငြိမ်းချမ်းရေးပန်းတိုင်ကို အရောက်လှမ်းရမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစု ပင်လုံ စတုတ္ထအစည်းအဝေး ဖွင့်ပွဲ အခမ်းအနား မြင်ကွင်းအား တွေ့ရစဉ်(ဆင်ဟွာ) 

မကြာမီ ကျင်းပတော့မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးကို အဖျက်အမှောင့် ပယောဂကင်းသည့် ရွေးကောက်ပွဲ ဖြစ်မြောက်အောင် လွတ်လပ်၍ တရားမျှတစွာ ကျင်းပနိုင်ရေး သက်ဆိုင်ရာ နယ်ပယ် ၊ ဒေသအလိုက် ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစု ပင်လုံ စတုတ္ထအစည်းအဝေး ဖွင့်ပွဲ အခမ်းအနားတွင် အမှာစကားပြောကြားစဉ် ၎င်းက ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

“နိုင်ငံတော်ရဲ့ ဥပဒေပြုရေး ကိစ္စတွေမှာ ဒါ့ထက်ပိုပြီး ကိုယ်စားပြု ပါဝင်ကြလိုရင် ၊ ယခုထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုတဲ့ စနစ် ဖြစ်ချင်ရင်တော့ ရွေးကောက်ပွဲစနစ်ပုံစံကို ယခုကျင့်သုံးနေတဲ့ ပုံစံနဲ့ အချိုးကျ ကိုယ်စားပြုခြင်း စနစ်(Proportional Representation-PR) ကို နှိုင်းယှဉ်စဉ်းစားသင့်ကြောင်း အကြံပြုလိုပါတယ်။”ဟူ၍လည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တိုင်းရင်းသား ကိစ္စများနှင့် ပတ်သက်၍ ပြောကြားရာ၌ ထည့်သွင်း ပြောကြားခဲ့သည်။ 

နိုင်ငံ၏ စည်းလုံးမှု ၊ အမျိုးသားရေး ကိုယ်ခံစွမ်းအား နှင့် ကာကွယ်ရေး စွမ်းအားများကို ယုတ်လျော့စေမည့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခ အမြန်ဆုံး ချုပ်ငြိမ်းစေရန် တပ်မတော်အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း ခေတ်အဆက်ဆက် ကြိုးပမ်းဆောင်ရွက်ခဲ့သလို ပစ္စုပ္ပန်မှသည် အနာဂတ်အထိ ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်သာ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်ကို အောင်မြင်စွာ တည်ဆောက်နိုင်ရန် တပ်မတော်အနေဖြင့် နိုင်ငံတော် တည်ငြိမ်ရေး ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး နှင့် လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး မူဘောင် ၃ ရပ် ချမှတ်ပြီး နိုင်ငံတော်၏ နိုင်ငံရေး ၊ အုပ်ချုပ်ရေး ၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လျက် ရှိကြောင်းလည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ထည့်သွင်း ပြောကြားခဲ့သည်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစု ပင်လုံ စတုတ္ထအစည်းအဝေးကို ဩဂုတ် ၁၉ ရက်မှ ၂၁ ရက် အထိ သုံးရက်ကြာ ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး ညီလာခံ နောက်ဆုံးနေ့တွင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)အား ချုပ်ဆိုသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)