Connect with us

Politics, Law & Military

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစု ပင်လုံ စတုတ္ထအစည်းအဝေးသို့ တင်သွင်းသော အဆိုပြုချက်များအား UPDJC အစည်းအဝေး၌ အတည်ပြု

၀ ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ-UPDJC အစည်းအဝေး ကျင်းပမှုများအား တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ) 

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ စတုတ္ထအစည်းအဝေးသို့ တင်သွင်းသည့် အဆိုပြုချက်များအား ယနေ့ ဩဂုတ် ၂၀ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ၂၀ ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ-UPDJC အစည်းအဝေးတွင် အတည်ပြုခဲ့ကြောင်း အစည်းအဝေးအပြီး ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။ 

နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက”ဒီနေ့ အကြိမ် ၂၀ မြောက် UPDJC အစည်းအဝေး မနက်ပိုင်းမှာ ကျင်းပခဲ့ပါတယ်။ အဓိကတော့ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း ၃ မှာ ချုပ်ဆိုမယ့် အချက်အလက်တွေကို မနေ့က ကျင်းပတဲ့ ညီလာခံမှာ တင်သွင်းခဲ့ပြီး ဖြစ်ပါတယ်။ ပြန်ပြောရရင် UPDJC က နှစ်မျိုး ရှိပါတယ်။ ပုံမှန်အားဖြင့် သူရဲ့ TOR အတိုင်း ကျင်းပတဲ့ UPDJC ရှိတယ်။ 

UPDJC ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အဖွင့်အမှာစကား ပြောကြားစဉ်(ဆင်ဟွာ) 

ဒီနေ့ UPDJC ကတော့ ညီလာခံကာလမှာ ကျင်းပတဲ့ UPDJC ဖြစ်ပါတယ်။ညီလာခံမှာ တင်သွင်းတဲ့ အဆိုပြုချက်တွေကို ဒီနေ့ UPDJC အစည်းအဝေးကနေပြီး အတည်ပြုတာ ဖြစ်ပါတယ်။ အတည်ပြုပြီးရင် မနက်ဖြန် ကျွန်တော်တို့ စာချုပ်ချုပ်ဆိုမှာပေါ့နော်။ လက်မှတ်ရေးထိုး ချုပ်ဆိုဖို့ အစီအစဉ်တွေ ညှိနှိုင်းတယ်။ အဲဒီဟာတွေကို အတည်ပြုတယ်။ အတည်ပြုပြီးရင် မနက်ဖြန် ညီလာခံမှာ လက်မှတ်ထိုးမယ့် အနေအထားကို ဒီနေ့ ရောက်ရှိသွားပါတယ်။”ဟု သတင်းစာ ရှင်းလင်းပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။ 

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ စတုတ္ထအစည်းအဝေး ဒုတိယနေ့တွင် ၂၀ ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ-UPDJC အစည်းအဝေးကို ကျင်းပခဲ့ပြီး ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃) ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။

၂၀ ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ-UPDJC အစည်းအဝေး ကျင်းပမှုများအား တွေ့ရစဉ်(ဆင်ဟွာ) 

UPDJC ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ဒီနိုင်ငံကို စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်မှ ပြည်တွင်း ငြိမ်းချမ်းရေး ရမယ်။ အမျိုးသား တန်းတူရေး ရှိမှ အမျိုးသား ညီညွတ်ရေး ရမယ်။ ဒါတွေအားလုံး ကျွန်မတို့ အားလုံး သိရှိနားလည်ထားကြပြီး ဖြစ်ပါတယ်။ ဒါဟာ ကျွန်မတို့ အားလုံးရဲ့ ပန်းတိုင် ဖြစ်သလို တိုင်းရင်းသား ပြည်သူအားလုံးရဲ့ အိပ်မက်လည်း ဖြစ်ပါတယ်။”ဟု အစည်းအဝေး အဖွင့်အမှာစကားတွေ ထည့်သွင်း ပြောကြားခဲ့သည်။ 

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ စတုတ္ထအစည်းအဝေး တတိယနေ့တွင် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃) အဖြစ် ချုပ်ဆိုမည့် အဆိုပြုချက်များ ဖြစ်သည့် အပိုင်း(၁) တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်(NCA) အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင် သဘောတူညီချက် ၊ အပိုင်း(၂) ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်များ နှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများ(ဇယား-၁) နှင့် အပိုင်း(၃) ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူ သဘောတူညီချက်တို့ကို တင်သွင်းခြင်း ၊ ထောက်ခံအဆို တင်သွင်းခြင်း ၊ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃) အတည်ပြုခြင်း နှင့် စာချုပ်ချုပ်ဆိုခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ 

ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်း(၁)အဖြစ် သဘောတူညီချက် ၃၇ ချက်ကို ၂၀၁၇ ခုနှစ် မေလတွင် ပြုလုပ်ခဲ့သော ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ ဒုတိယ အစည်းအဝေးတွင် လက်မှတ်ရေးထိုးခဲ့ပြီး ပြည်ထောင်စုသဘောတူညီချက် အစိတ်အပိုင်း(၂) အဖြစ် သဘောတူညီချက် ၁၄ ချက်ကို ၂၀၁၈ ခုနှစ် ဇူလိုင်လတွင် ပြုလုပ်ခဲ့သော ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ တတိယအစည်းအဝေးတွင် လက်မှတ်ရေးထိုးထားကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117