Connect with us

Politics, Law & Military

ပူတာအို၌ ရေအားလျှပ်စစ်စီမံကိန်းများကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မည့် အရင်းအမြစ်များကို ထပ်မံ စူးစမ်းရှာဖွေသွားရန် ဒုသမ္မတဆို

ပူတာအိုမြို့ရှိ အထက်နမ့်ထွမ်ရေအား လျှပ်စစ်စီမံကိန်း၏ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် အခြေအနေများဆွေးနွေးစဉ်(ဓာတ်ပုံ- MOI)

ရန်ကုန်၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ)

ပူတာအို၌ ရေအားလျှပ်စစ်စီမံကိန်းများကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မည့် အရင်းအမြစ်များကို ထပ်မံ စူးစမ်းရှာဖွေသွားရန် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူက ပြောကြားသည်။

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူနှင့် အဖွဲ့သည် ဒီဇင်ဘာ ၈ ရက်၌ ပူတာအိုမြို့သို့ ရောက်ရှိပြီး အထက်နမ့်ထွမ်ရေအား လျှပ်စစ်စီမံကိန်း၏ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် အခြေအနေများနှင့် လျှပ်စစ်ဓာတ်အား စမ်းသပ် ထုတ်လွှတ်နေမှု အခြေအနေ များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပူတာအိုနှင့် မချမ်းဘော ဒေသများသည် အရှေ့တောင်အာရှတွင် ရေခဲပြင်ဖုံး လွှမ်းသော တောင်တန်းများရှိရာ တစ်ခုတည်းသော ဒေသဖြစ်ခြင်း၊ ခါကာဘိုရာဇီ အမျိုးသား ဥယျာဉ်သည် အာဆီယံအမွေအနှစ် စာရင်းဝင် ဥယျာဉ်တစ်ခုဖြစ်ခြင်း၊ ဒေသတွင်းရှိ ဂျိန်းဖော၊ ရဝမ်၊ လီဆူနှင့် ရှမ်းစသည့် ကွဲပြားသော တိုင်းရင်းသားမျိုးစုံ၏ ယဉ်ကျေးမှုဓလေ့ ထုံးစံများကို တစ်စုတစ်စည်းတည်း လေ့လာနိုင်ခြင်း၊ ရှားပါးဆေးဘက်ဝင် သစ်ဥသစ်ဖုနှင့် ပရဆေးပင်များ စုံလင်စွာပေါက်ရောက်ခြင်း၊ အခြားဒေသများတွင် ရနိုင်ရန်ခက်ခဲသော သစ်သီးဝလံ မျိုးစုံလင်စွာ ထွက်ရှိခြင်း၊ ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်နိုင်သည့် သဘာ၀ အရင်းအမြစ်များ ပိုင်ဆိုင်ထားခြင်း စသည့် ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုး တက်အောင် ဆောင်ရွက်နိုင်မည့် အလားအလာကောင်းများ ရှိသည့်အတွက် နောင်တွင် လျှပ်စစ် ဓာတ်အားလိုအပ်ချက် ပိုမိုများပြားလာမည် ဖြစ်ကြောင်း၊ထို့ကြောင့် ယခု စီမံကိန်းအပြင် အလားအလာရှိသည့် ရေအားလျှပ်စစ်စီမံကိန်းများကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မည့် အရင်းအမြစ်များကို ထပ်မံ စူးစမ်းရှာဖွေသွားရန် ဒု သမ္မတက မှာကြားခဲ့ကြောင်း သိရသည်။

ပူတာအိုနှင့် မချမ်းဘောမြို့များအပြင် ကျေးရွာ ၂၅ ရွာကို (၂၄)နာရီ လျှပ်စစ်ဓာတ်အား စမ်းသပ် ဖြန့်ဖြူးပေးလျက်ရှိသော ပူတာအိုမြို့၏ အနောက်ဘက်(၇) မိုင်ခန့်် အကွာတွင် တည်ရှိသော အထက်နမ့်ထွမ် ရေအားလျှပ်စစ် စီမံကိန်းအား သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ပူတာအို၊ မချမ်းဘောနှင့် အင်းတော်ကြီးဒေသ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် ခရီးသွားလုပ်ငန်း ဆိုင်ရာ အသင်းအဖွဲ့များနှင့် ဌာနဆိုင်ရာများ အနေဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေ လိုပါကြောင်း၊ ခရီးသွားလုပ်ငန်းသည် မိမိတို့နိုင်ငံ၏ စီးပွားဖွံံ့ဖြိုးရေးအတွက် မျှော်လင့် ချက်တစ်ခုဖြစ်ကြောင်း၊ အရင်းအနှီးအနဲဆုံးဖြင့် အချိန်တိုကာလ အတွင်း အကျိုးအမြတ် အများဆုံးရရှိနိုင်သည့် လုပ်ငန်းမှာ ခရီးသွားလုပ်ငန်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သော အခြေခံအဆောက်အအုံများ ပေါ်ထွန်းစေရေး အတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ဒုသမ္မတက ပြောကြားသည်။(Xinhua)