Connect with us

Politics, Law & Military

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် တွင် ငွေကျပ် ၆ ဒဿမ ၅ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ်များ ဖမ်းဆီးရမိ

သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသူတို့အားတွေ့ရစဉ် (ဓာတ်ပုံ-- CCDAC Myanmar)

 

ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ၁၆ မိုင်ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ငွေကျပ် ၆ဒဿမ ၅ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ်များ ဖမ်းဆီးရမိခဲ့ကြောင်းမြန်မာနိုင်ငံ မူးယစ်ဆေးဝါးအလွဲသုံးစွဲမှု ထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC Myanmar) က ဒီဇင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်သည်။

ဖြစ်စဉ်မှာ အကောက်ခွန်ဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၂၅ ရက်နေ့ မနက် ၁၀ နာရီခွဲ အချိန်တွင် ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာ၊ (၁၆)မိုင်ပူးပေါင်းစစ်ဆေးရေးစခန်းတွင် မူဆယ် မှ မန္တလေး သို့ မောင်းနှင်လာသည့် ၆ ဘီး မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးစဉ် ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်သွားပြီး ယာဉ်ပေါ်မှ တားမြစ်ကန့်သတ် ကုန်ပစ္စည်းများပါရှိသဖြင့် အဆိုပါယာဉ်အား ပြည်ကြီးတံခွန်မြို့နယ်၊ အကောက်ခွန် ဦးစီးဌာနမှူးရုံးသို့ မောင်းနှင်ပြီး မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ အသေးစိတ်ရှာဖွေခဲ့ကြောင်းသိရသည်။

ထိုသို့ရှာဖွေရာတွင် ယာဉ်ပေါ်ရှိ စက္ကူဂျပ်ဖာများအတွင်းမှ အိုက်စ် ၃၄၃ ကီလို သိမ်းဆည်းရမိသဖြင့် စုံစမ်းစစ်ဆေးဖော်ထုတ်ချက်အရ ညနေ ၃ နာရီခွဲအချိန်ခန့်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်၊ ၅၂ လမ်းနှင့် လမ်း ၁၂၀ ကြား၊ အမှတ်(ညည-၅၉/၅၅)တွင် ရဲစိန်အားလည်းကောင်း၊ ညနေ ၄ နာရီအချိန်ခန့်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှု (၂)ရပ်ကွက်၊ လမ်း ၆၀ နှင့် ၆၁ လမ်းကြား၊ အမှတ်(၁၄၀)တွင် ယာဉ်မောင်း သန်းစိုး အားလည်းကောင်းဖမ်းဆီး ရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရအမှုဖွင့် အရေးယူထားရှိကြောင်းနှင့် ကွင်းဆက်များ ဖော်ထုတ် စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)