Connect with us

Politics, Law & Military

မြန်မာနိုင်ငံသို့ နီပေါနိုင်ငံ သမ္မတ လာရောက်သည့် တရားဝင် ခရီးစဉ် အတွင်း မြန်မာ-နီပေါ နှစ်နိုင်ငံ ပူးတွဲ ကြေညာချက် ထုတ်ပြန်

မြန်မာနိုင်ငံ သမ္မတ ဦးဝင်းမြင့် နှင့် နီပေါနိုင်ငံ သမ္မတ မစ္စစ် ဘီဒီယာဒေဗီဘန်ဒါရီတို့ တွေ့ဆုံစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၂၀ ရက်(ဆင်ဟွာ)

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ နီပေါနိုင်ငံ သမ္မတ  မစ္စစ် ဘီဒီယာဒေဗီဘန်ဒါရီသည် အောက်တိုဘာလ ၁၆ ရက်မှ ၂၀ ရက်အထိ တရားဝင်ချစ်ကြည်ရေးခရီး လာရောက်ခဲ့ပြီး မြန်မာ-နီပေါ နှစ်နိုင်ငံ ပူးတွဲ ကြေညာချက်အား အောက်တိုဘာ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မြန်မာ-နီပေါနှစ်နိုင်ငံ ပူးတွဲကြေညာချက်တွင် နီပေါနိုင်ငံ သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်သည် နှစ်ပေါင်း ၃၉ နှစ်ကျော် ကာလအတွင်း နီပေါနိုင်ငံ၏ နိုင်ငံ အကြီးအကဲတစ်ဦး အနေဖြင့် မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်သည့် ခရီးစဉ် ဖြစ်ရာ နှစ်နိုင်ငံအကြီးအကဲများ အကြား အစဉ်အလာအရ တည်ရှိသည့် ချစ်ကြည်ရင်းနှီးမှုနှင့် ထိတွေ့ဆက်ဆံမှု ပိုမို တိုးတက် ကောင်းမွန်စေရန် အားသစ် လောင်းပေးခဲ့ကြောင်း ၊ နီပေါနိုင်ငံသမ္မတ၏ ချစ်ကြည်ရေး ခရီးစဉ်သည် နှစ်နိုင်ငံ ဆက်ဆံရေးတွင် အရေးပါသော သမိုင်းဝင်မှတ်တိုင်တစ်ခုဖြစ်ခဲ့ပြီး နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် နီးကပ်စွာ ဆက်ဆံမှု၏ ဝိသေသကို ထင်ဟပ် ဖော်ပြနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံအနေဖြင့် နီပေါအစိုးရ၏ “နီပေါနိုင်ငံခရီးသွားနှစ် (၂၀၂၀)” နှင့် အမျိုးသားရေး ရည်မှန်းချက် ဖြစ်သည့် “သာယာဝပြောသော နီပေါနိုင်ငံ၊ပျော်ရွှင်မှုများခံစားရသော နီပေါပြည်သူများ” အောင်မြင်စေရေးအတွက် ပံ့ပိုးကူညီသွားရန် အသင့်ရှိကြောင်း ထပ်လောင်း အတည်ပြုခဲ့ကြောင်း ပူးတွဲ ကြေညာချက်တွင် ဖော်ပြထားသည်။

၂၀၂၀ ပြည့်နှစ်တွင် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး တည်ထောင်သည့်နှစ်(၆၀) ပြည့်မြောက်ခဲ့သည်ကို ဝမ်းမြောက်စွာမှတ်သားလျက် မြန်မာ-နီပေါ နှစ်နိုင်ငံ သံတမန်အဆက်အသွယ်တည်ထောင်မှု နှစ်(၆၀) ပြည့် အထိမ်းအမှတ်အခမ်းအနားများကို နှစ်နိုင်ငံစလုံး၌ စီစဉ်ကျင်းပသွားရန် သဘောတူခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ နီပေါနွယ်ဖွားများသည် အေးချမ်းပျော်ရွှင်၍ သဟဇာတရှိစွာဖြင့် မြန်မာ့လူ့ဘောင်အဖွဲ့အစည်းအတွင်း ကောင်းမွန်စွာပေါင်းစည်းနေထိုင်လျက်ရှိခြင်းကြောင့် ၎င်းတို့၏ အခန်းကဏ္ဍသည် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မြဲစေ လျက်ရှိကြောင်းကို နှစ်နိုင်ငံခေါင်းဆောင်များက အသိအမှတ်ပြုခဲ့ကြကြောင်း သိရသည်။

နှစ်ဖက်စလုံးက ဘုံအကျိုးစီးပွားနှင့်သက်ဆိုင်သော ကိစ္စရပ်များတွင် တူညီသော အမြင်များရှိကြရာ နှစ်နိုင်ငံ ကိစ္စရပ်များတွင်သာမက ကုလသမဂ္ဂနှင့် ဘင်းမ်စတက်အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် ဆက်လက်၍ နီးကပ်စွာ ပူးပေါင်းဆောင်ရွက် သွားကြရန် သန္နိဋ္ဌာန်ချထားမှုများကို ထပ်လောင်းအတည်ပြုခဲ့ကြောင်း သိရသည်။

ခရီးစဉ် အတွင်း မြန်မာ-နီပေါခရီးသွားလာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာနှင့် မြန်မာ-နီပေါ ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာများ လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။မြန်မာနိုင်ငံ ခရီးစဉ် အတွင်း နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံခေါင်းဆောင်များသည် နှစ်နိုင်ငံနှင့် ပြည်သူများအကြား ပိုမိုနီးစပ်မှုကို ဖြစ်စေသည့် ဘုံတူညီသည့်အချက်များ၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်း အစဉ်အလာများကို ချီးမွမ်းပြောကြားခဲ့ကြပြီး ခရီးသွားလာရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ပို့ဆောင်ရေး၊ စက်မှုနှင့် ယဉ်ကျေးမှုဆိုင်ရာ ကဏ္ဍများတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်သွားရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း ၊ နှစ်နိုင်ငံအကြား တည်ရှိလျက်ရှိသော ရင်းနှီးမြှုပ်နှံနိုင်မှုအလားအလာကောင်းများကို အသိအမှတ်ပြု၍ နှစ်နိုင်ငံကုန်သွယ်မှု နှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရေးနှင့် အဆင်ပြေချောမွေ့စေရေးအတွက် နှစ်ဖက် အတူတကွလက်တွဲ ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။

နီပေါနိုင်ငံသမ္မတသည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။နီပေါနိုင်ငံ သမ္မတနှင့် ၎င်း၏ ကိုယ်စားလှယ်အဖွဲ့တို့အား မြန်မာနိုင်ငံခရီးစဉ်အတွင်း နွေးထွေးစွာကြိုဆိုခဲ့မှု များနှင့် ပျူငှာသည့်ဧည့်ဝတ်ကျေပွန်မှုတို့အတွက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုတို့ကို နီပေါသမ္မတက လှိုက်လှဲစွာကျေးဇူးတင်ရှိကြောင်း ပူးတွဲ ကြေညာချက်တွင် ဖော်ပြခဲ့သည်။(Xinhua)