Connect with us

Politics, Law & Military

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့(ILO) ရာပြည့် အခမ်းအနား ရန်ကုန်မြို့၌ ကျင်းပ

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့(ILO) ရာပြည့် အခမ်းအနား ရန်ကုန်မြို့၌ ကျင်းပနေမှုအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၂၁ ရက်(ဆင်ဟွာ)

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့(ILO) ထူထောင်သည့် နှစ်တစ်ရာပြည့် အထိမ်းအမှတ် အခမ်းအနားအား ယနေ့ အောက်တိုဘာ ၂၁ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အလုပ်သမား ၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေ က ILO အဖွဲ့သည် လူမှုရေး တရားမျှတမှု ရရှိစေရန် ဦးတည် ဆောင်ရွက်နေသည့် တစ်ခုတည်းသော ကမ္ဘာလုံး ဆိုင်ရာ အဖွဲ့အစည်း ဖြစ်ပြီး Unique System ကို နှစ်ပေါင်း တစ်ရာတိုင် ခိုင်မြဲစွာ ထိန်းသိမ်းနိုင်ခဲ့မှု အတွက် အဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံ အနေဖြင့် များစွာ ဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း ပြောကြားခဲ့သည်။

အလုပ်သမား ၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက အခမ်းအနားတွင် အဖွင့်အမှာစကား ပြောကြားစဉ်(ဆင်ဟွာ)

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့(ILO) ဒုတိယ ညွှန်ကြားရေးမှူးချုပ် Mr.Greg Vines က “အခု နှစ်တစ်ရာပြည့် အထိမ်းအမှတ်ကို ဆင်နွှဲရင်း အနာဂတ်မှာ ကျွန်တော်တို့ ချမှတ်လိုက်တဲ့ စီးပွားရေး ၊ လူမှုရေး နဲ့ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ မူဝါဒတိုင်းမှာ လူသားတွေကို အဓိက ဗဟိုပြုပြီး စဉ်းစား လုပ်ဆောင်သွားမယ် ဆိုတဲ့ ကြေညာချက်နဲ့အတူ ကျွန်တော်တို့ရဲ့ ကတိကဝတ်တွေကို ပိုပြီး ခိုင်မာအောင် တစ်စိုက်မတ်မတ် ဖော်ဆောင် လုပ်ကိုင် သွားမယ်လို့ ပြောချင်ပါတယ်။”ဟု ပြောကြားခဲ့သည်။

ILO ဒုတိယ ညွှန်ကြားရေးမှူးချုပ် Mr.Greg Vines က အခမ်းအနားတွင် အဖွင့်အမှာစကား ပြောကြားစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူး Mr.Andrew Kirkwood က ယခင်လက ကျင်းပခဲ့သော ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် အနာဂတ် အလုပ်အကိုင် ဆိုင်ရာ ILO ၏ နှစ်တစ်ရာပြည့် ကြေညာစာတမ်းအား သဘောတူ လက်ခံခဲ့သည့် ဆုံးဖြတ်ချက်ကို ပြောကြားခဲ့ပြီး ၎င်းမှ လူသားအားလုံး အတွက် သင့်လျော် ကောင်းမွန်သော အလုပ်အကိုင် နှင့် အပြည့်အဝ အကျိုး ဖြစ်ထွန်းစေသည့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်းသည် ရေရှည် တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု အတွက် အဓိက အရေးကြီးသော အစိတ်အပိုင်းများထဲမှ အစိတ်အပိုင်း တစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၁၉၁၉ ခုနှစ်တွင် စတင် ထူထောင်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့(ILO)သည် ယခုအခါတွင် နှစ် ၁၀၀ ပြည့်မြောက်ပြီ ဖြစ်ကြောင်း သိရသည်။ILO အဖွဲ့ဝင် နိုင်ငံ ဖြစ်သည့် မြန်မာနိုင်ငံ အနေဖြင့် ရာပြည့်နှစ်ကို ဂုဏ်ပြုသည့် အနေဖြင့် ILO ဆောင်ပုဒ် ဖြစ်သည့် “ILO ရာပြည့်မှစ သင့်လေျာ် ကောင်းမွန်သော အလုပ်အကိုင် တိုးမြင့်ရေး နှင့် လူမှုတရား မျှတရေး မြှင့်တင် ဆောင်ရွက်ကြ” ခေါင်းစဉ်ဖြင့် ဆောင်ပါး ပြိုင်ပွဲ ကျင်းပခဲ့ပြီး ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်းလည်း သိရသည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့(ILO) ရာပြည့် အခမ်းအနား ရန်ကုန်မြို့၌ ကျင်းပနေမှုအား တွေ့ရစဉ်(ဆင်ဟွာ)

ထို့အတူ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့(ILO) ထူထောင်သည့် နှစ်တစ်ရာပြည့် အထိမ်းအမှတ် အခမ်းအနားတွင် မြန်မာနိုင်ငံ၌ ILO ၏ နှစ်ကာလ အဆက်ဆက် ဖြတ်သန်း လာခဲ့သော မှတ်တမ်းများကိုလည်း ဓာတ်ပုံ ပြခန်းဖြင့် ပြသခဲ့ကြောင်း သိရသည်။အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့(ILO)သည် မြန်မာနိုင်ငံအား နည်းပညာ ဆိုင်ရာ အထောက်အပံ့များကို ၁၉၅၉ ခုနှစ် ကတည်းက စတင် ထောက်ပံ့ပေးခဲ့ပြီး ဆက်သွယ်ညှိနှိုင်းရေး အရာရှိရုံးကို ၂၀၀၂ ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့ကြောင်း ၊ ၂၀၁၈ ခုနှစ်တွင် မြန်မာ အစိုးရ ၊ လုပ်ငန်းရှင်များနှင့် အလုပ်သမားများသည် မြန်မာနိုင်ငံ အတွက် သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်ဆိုင်ရာ ဌာနေ အစီအစဉ်ကို ILO နှင့် ပထမဆုံး အကြိမ် လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။ILO အနေဖြင့် ရာပြည့်နှစ် အထိမ်းအမှတ် အဖြစ် “Advancing Social Justice,Promoting Decent Work” ဆောင်ပုဒ် ထုတ်ပြန်ခဲ့ပြီး ILO အဖွဲ့ဝင် နိုင်ငံ အသီးသီးက ILO ရာပြည့် အထိမ်းအမှတ် ဂုဏ်ပြုပွဲများကို ကျင်းပပေးလျက် ရှိကြောင်း သိရသည်။(Xinhua)