Connect with us

Politics, Law & Military

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အင်ဒိုနီးရှား နိုင်ငံ ဂျကာတာမြို့သို့ ရောက်ရှိ

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ တွေ့ရစဉ် (ဓာတ်ပုံ - Myanmar President Office )

ရန်ကုန် ၊ အောက်တိုဘာ ၂၀ ရက်(ဆင်ဟွာ)

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အင်ဒိုနီးရှားသမ္မတနိုင်ငံ အစိုးရသစ်၏ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားသို့ တက်ရောက်ရန် အောက်တိုဘာ ၁၉ ရက်တွင် ရန်ကုန်မြို့မှ ဂျကာတာမြို့သို့ လေကြောင်းခရီး ဖြင့် ထွက်ခွာသွားရောက်ခဲ့ကြောင်း သိရသည်။

ဒုတိယသမ္မတနှင့်အတူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နှင့် တာဝန်ရှိသူများ လိုက်ပါသွားကြပြီး ၎င်းကိုယ်စားလှယ် အဖွဲ့အား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသမ္မတနိုင်ငံ သံအမတ်ကြီး ဒေါက်တာအီဇာဖာဒရီနှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ကြကြောင်း သိရသည်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်အဖွဲ့သည် ဒေသစံတော်ချိန် ညနေ ၆နာရီတွင် အင်ဒိုနီးရှားသမ္မတနိုင်ငံ ဂျကာတာမြို့သို့ ရောက်ရှိကြရာ အင်ဒိုနီးရှားနိုင်ငံ အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းဝန်ကြီး Mr. Bambang P.S.Brodjonegoro နှင့် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဒေါ်အိအိခင်ဧ၊ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးမင်းလွင်နှင့်ဇနီး မြန်မာ စစ်သံမှူး ဗိုလ်မှူးချုပ် ဖြိုးဇော်စိုးနှင့် ဇနီး၊ မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ် အဖွဲ့ရုံးနှင့် စစ်သံရုံးတို့မှ တာဝန်ရှိသူများက ဆိုကာနိုဟတ္တ အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြကြောင်း သိရသည်။(Xinhua)