Connect with us

Politics, Law & Military

မြန်မာနိုင်ငံ နှင့် တရုတ်နိုင်ငံ တို့မှ သံတမန် နှင့် အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများကို မြန်မာ-တရုတ် နယ်စပ်ဂိတ်တွင် တရားဝင် အဝင်/အထွက် ခွင့်ပြု

မြန်မာ-တရုတ် နယ်စပ်ဂိတ်(နန်းတော်ဂိတ်)မှ ခရီးသွားဧည့်သည် အဝင်/အထွက် များအားတွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ)

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်မှစတင်ကာ မြန်မာနိုင်ငံ နှင့် တရုတ်နိုင်ငံတို့မှ သံတမန် နှင့် အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများကို ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်(နန်းတော်ဂိတ်) မှ တစ်ဆင့် တရားဝင် အဝင်/အထွက် ခွင့်ပြုနေပြီဖြစ်ကြောင်း မူဆယ်မြို့ လူဝင်မှုကြီးကြပ်ရေးဦးစီဌာန၏ ပြောကြားချက်ကို ကိုကိုးကား၍ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံဘက်အခြမ်းမှ သံတမန်နှင့် အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများကို မြန်မာနိုင်ငံဘက်တွင် ရက်(၃၀)နေထိုင်ခွင့်ပြုထားကြောင်း၊ တရားဝင် ဝင်/ထွက် ခွင့်ပြုထားသည့်အတွက် တစ်ခြားနိုင်ငံများသို့လည်း သွားရောက်နိုင်မည်ဖြစ်ကြောင်း၊ အဆိုပါ သံတမန်နှင့် အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများ မြန်မာနိုင်ငံဘက်သို့ ဝင်ရောက်လာသူ ပိုမိုများပြားလာပါက အရေအတွက်အပေါ် မူတည်၍ အစီအမံများလည်း ရေးဆွဲထားပြီးဖြစ်ကြောင်းသိရ သည်။

သံတမန်နှင့် အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများကို လွတ်လပ်စွာ အဝင်/အထွက်ခွင့်ပြုထားခြင်းဖြင့် နှစ်နိုင်ငံစီးပွားရေးကဏ္ဍများနှင့် နှစ်နိုင်ငံလုပ်ငန်းပိုင်းဆိုင်ရာများ၊ ခရီးသွားဧည့်သည်များ သွားလာလည်ပတ်မှုများ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ သံတမန်နှင့် အထူးနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများသည် နိုင်ငံကူးလက်မှတ် (Visa) လျှောက်ထားသည့် နိုင်ငံနယ်နိမိတ်များကို လွတ်လပ်စွာ လည်ပတ်သွားလာနိုင်မည် ဖြစ်ကြောင်းသတင်းတွင် ဖော်ပြထားသည်။ အထူးကတ်ကိုင်ဆောင်ထားသည့် တရုတ်နိုင်ငံသားများအနေဖြင့် မူဆယ်မြို့မှတစ်ဆင့် မန္တလေးမြို့အထိ လွတ်လပ်စွာသွားရောက်နိုင်ကြောင်းလည်း သတင်းတွင် ဆက်လက်ဖော်ပြထားသည်။

၁၉၉၇ ခုနှစ် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသ စီမံခန့်ခွဲရေးနှင့် ပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ် နှင့် ၁၉၉၈ ခုနှစ် အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ပေးရေးဆိုင်ရာ သဘောတူစာချုပ်တို့အရ တရုတ်နိုင်ငံဘက်မှ အပြန်အလှန်အနေဖြင့် သံတမန်နှင့် အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံသားများကိုလည်း ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်ပြီး လွတ်လပ်စွာ တရားဝင် အဝင်/အထွက် ခွင့်ပြုထားကြောင်းသိရသည်။ (Xinhua)