Connect with us

Politics, Law & Military

မြန်မာနိုင်ငံ သမ္မတနှင့် အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး လှေစီး ဒုက္ခသည်များ အရေး ဆွေးနွေး

မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန် နှင့် အမေရိကန် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန် တို့ နေပြည်တော်တွင် လက်ဆွဲနှုတ်ဆက်နေစဉ် (ဓာတ်ပုံ - သတင်းစဉ်)

ရန်ကုန်၊ မေ ၂၁ ရက် (ဆင်ဟွာ)

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် မြန်မာနိုင်ငံသို့ ယနေ့ ရောက်ရှိလာသည့် အမေရိကန် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ အန်တိုနီ ဘလင်ကန် အား နေပြည်တော်၌ လက်ခံ တွေ့ဆုံခဲ့ပြီး လှေဖြင့် ရွေ့ပြောင်းနေသည့် ဒုက္ခသည်များ အရေး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ်က ပြောကြားသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန် တို့သည် ရွေးကောက်ပွဲဆိုင်ရာ အကြောင်းအရာများ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး အကြောင်းအရာများနှင့် နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရေး အကြောင်းအရာများ ဆွေးနွေးခဲ့ကြောင်း ဝန်ကြီးက ဆိုသည်။

အဆိုပါ တွေ့ဆုံ ဆွေးနွေးမှုတွင် အမေရိကန် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်က လှေစီး ဒုက္ခသည်များကို လူသားချင်း စာနာမှု အကူအညီများ ပေးရန် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဘက်မှ ပင်လယ်ပြင်အတွင်း လှေဖြင့် မျောနေသည့် ဒုက္ခသည်များတွင် မြန်မာနိုင်ငံသား ပါမပါ စစ်ဆေးပြီး မြန်မာနိုင်ငံသား ဟုတ်လျှင် လိုအပ်သည့် အကူအညီ စောင့်ရှောက်မှုများ ပေးမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ရေပိုင်နက် အတွင်း အဆိုပါ ဒုက္ခသည်များ ရောက်လာလျှင် စိစစ်ကာ လိုအပ်သည့် အကူအညီများပေးပြီး သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်လည် ပို့ဆောင်မည် ဖြစ်ကြောင်း ပြန်လည် ဆွေးနွေးခဲ့သည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ မေလ ၂၉ ရက်တွင် ကျင်းပမည့် ပုံမှန်မဟုတ်သော ရွှေ့ပြောင်းသွားလာ မှုဆိုင်ရာ အစည်းအဝေးသို့ မြန်မာ တက်ရောက်ရန် ကိုယ်စားလှယ် တစ်ဖွဲ့ စေလွှတ်ရန် စီစဉ်နေပြီး မြန်မာဘက်မှ မည်သူ ဦးဆောင် တက်ရောက်မည် ဆိုသည်ကို သက်ဆိုင်ရာ အိမ်ရှင်နိုင်ငံများနှင့် အသေးစိတ် ညှိနှိုင်း ရမည် ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

လူမှောင်ခို ပြုလုပ်နေသော မှောင်ခိုဂိုဏ်းကိစ္စများကို ဒေသတွင်း နိုင်ငံများနှင့် ပူးပေါင်းပြီး ဖြေရှင်းနိုင်ရန် အရေးကြီးကြောင်း မြန်မာဘက်မှ ထောက်ပြခဲ့ကြောင်းလည်း ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ဆိုသည်။

မြန်မာရေပိုင်နက်အတွင်း ဖြတ်သွားနေသည့် လှေစီးဒုက္ခသည်များ ရောက်ရှိနေလျှင် ကူညီ ကယ်ဆယ်နိုင်ရေး၊ မြန်မာနိုင်ငံသား ဟုတ်မဟုတ် စိစစ်နိုင်ရေး ကိစ္စများ ဆောင်ရွက်ရန် နိုင်ငံတော် သမ္မတက ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းကို တာဝန်ပေးထားပြီး ယနေ့ အစည်းအဝေးများ ခေါ်ယူကာ သက်ဆိုင်ရာ ဌာနများ နှင့် ညှိနှိုင်း ဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

အမေရိကန် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန် ယနေ့ မေလ ၂၁ ရက်နေ့ တွင် နိုင်ငံတော် သမ္မတ၊ ပြည်ထောင်စု လွှတ်တော် နာယက ဦးရွှေမန်းနှင့် အစိုးရအဖွဲ့ဝင် အရာရှိ အချို့နှင့် တွေ့ဆုံခဲ့သည်။ (Xinhua)