Connect with us

Politics, Law & Military

မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပိုမိုအားကောင်းလာမည်ကို အားလုံးက မျှော်လင့်နေကြပြီ

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ စတုတ္ထအစည်းအဝေးတွင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃) ချုပ်ဆိုနေမှုအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဩဂုတ် ၂၃ ရက်(ဆင်ဟွာ)

၂၀၂၀ ပြည့်နှစ် ဩဂုတ် ၂၁ ရက်သည် မြန်မာနိုင်ငံအတွက် သမိုင်းတွင်မည့် မင်္ဂလာ နေ့ရက်တစ်ရက်ဟု ဆိုပါက လွန်မည် မထင်ပေ။ အကြောင်းမှာ မကြာခင် ကျင်းပမည့် ၂၀၂၀ ရွေးကောက်ပွဲ အလွန် ပေါ်ထွက်လာမည့် အစိုးရတစ်ရပ်အနေဖြင့် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ဆက်လက်ဆောင်ရွက်ဖွယ်ရာများကို အဆင်ပြေချောမွေ့စွာ ဆက်လက် ဆောင်ရွက်သွားနိုင်ရန် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃)ကို ယင်းနေတွင် သက်ဆိုင်ရာ ခေါင်းဆောင် များက အမြော်အမြင်ရှိစွာ ၊ စိတ်ဆန္ဒထက်သန်စွာ ဖြင့် တစ်ညီတစ်ညွတ်တည်း လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

ထိုသို့လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းကြောင့်ပင် ရွေးကောက်ပွဲအလွန် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များသည် ပိုမို အားကောင်းလာမည်ဟု ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ပါဝင်နေသူများအားလုံးက အကောင်းဖက်က ရှုမြင်သုံးသပ်ခဲ့ကြသည်။ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ဦးဆောင်နာယက ဖြားတန် ခွန်ဥက္ကာက “ရွေးကောက်ပွဲ ပြီးလဲ ဆက်သွားမယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က ပိုအားကောင်းလာလိမ့်မယ်”ဟု ဆင်ဟွာသို့ ပြောကြားခဲ့သည်။ 

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ စတုတ္ထအစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောကြားနေစဉ်(ဆင်ဟွာ) 

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ စတုတ္ထအစည်းအဝေးကို နေပြည်တော်၌ ဩဂုတ် ၁၉ ရက်မှ ၂၁ ရက်ထိ ကျင်းပပြုလုပ်ခဲ့ပြီး ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃) အား အပိုင်း(၃)ပိုင်းဖြင့် ချုပ်ဆိုခဲ့ကြသည်။ UPDJC အတွင်းရေးမှူး အဖွဲ့ဝင် ၊ တအာင်း(ပလောင်) အမျိုးသားပါတီမှ တာလှဖေက “အဓိကတော့ ၂၀၂၀ အလွန် ဆက်လက်ပြီးတော့မှ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ဆက်လက်သယ်ဆောင်သွားမယ်ဆိုတဲ့ ကတိကဝတ်တွေ များပါတယ်။ ပြီးခဲ့တဲ့ ညီလာခံတုန်းက ရထားတဲ့ ပြည်ထောင်စု သဘောတူညီချက် ၅၁ ချက်က သက်ဝင်လှုပ်ရှားမှု မရှိခဲ့ဘူး ။ ဒီတစ်ပတ် စတုတ္တမြောက် ပင်လုံညီလာခံ အစည်းအဝေးမှာကြတော့ ပြီးခဲ့တဲ့ ပြည်ထောင်စု သဘောတူစာချုပ် ၅၁ ချက်ကို အသက်သွင်းမယ်။ လှုပ်ရှားဆောင်ရွက်သွားမယ်ဆိုတဲ့ အုတ်မြစ်ကို ချမယ့် အစည်းအဝေးကြီး ဖြစ်တဲ့ အတွက်ကြောင့် ကျေနပ်အားရစရာ ကောင်းပါတယ်ဆိုတဲ့ အကြောင်း သတင်းစကားပါးချင်ပါတယ်။”ဟု ဆိုသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ စတုတ္ထအစည်းအဝေးပထမနေ့တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်အမှာစကား ပြောကြားနေစဉ်(ဆင်ဟွာ) 

ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃)တွင် အပိုင်း(၁) တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်(NCA) အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင် သဘောတူညီချက် ၊ အပိုင်း(၂) ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်များ နှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများ(ဇယား-၁) နှင့် အပိုင်း(၃) ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူ သဘောတူညီချက်တို့ပါဝင်ကြသည်။

 ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဗဟိုကော်မတီဝင် စောမြရာဇာလင်းက “မြန်မာ့ ငြိမ်းချမ်းရေး ဖြစ်စဉ်က မလုပ်မဖြစ်ကို လုပ်ရမယ့် ဖြစ်စဉ် တစ်ခု ဖြစ်ပါတယ်။ အဲဒါကြောင့် ဒီဖြစ်စဉ်ကို ရှေ့ကို တွန်းအောင်ကို တွန်းရမယ်။ ကျွန်မတို့ ကြိုးပမ်းရမယ်ပေါ့လေ။”ဟု ၎င်းက အမြင်ကို ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ စတုတ္ထအစည်းအဝေး ဒုတိယနေ့တွင် ၂၀ ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ-UPDJC အစည်းအဝေး ကျင်းပနေစဉ်(ဆင်ဟွာ) 

ငြိမ်းချမ်းရေး ဆွေးနွေးရန် ၂၀၁၁ ခုနှစ် ဩဂုတ်လတွင် ဖိတ်ခေါ်ခဲ့ပြီးနောက် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့ သည် ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် ပထမဆုံး လက်မှတ်ရေးထိုးခဲ့ပြီး မွန်ပြည်သစ်ပါတီ(NMSP)နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့ သည် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် လက်မှတ်ရေးထိုးထားသဖြင့် စုစုပေါင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၀ ဖွဲ့ လက်မှတ်ရေးထိုးထားကြပြီးဖြစ်သည်။  

“NCA မထိုးသေးတဲ့ တိုင်းရင်းသား ညီအကိုမောင်နှမတွေက ကျွန်တော်တို့ရဲ့ ယုံကြည်မှုတွေ တည်ဆောက်ပြီးတော့ ကျွန်တော်တို့ရဲ့ ပြည်ထောင်စုကြီးရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အားလုံးပူးပေါင်းပါဝင်ဖို့ကို လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ပါတယ်။”ဟု UPDJC အတွင်းရေးမှူး အဖွဲ့ဝင် ၊ တအာင်း(ပလောင်) အမျိုးသားပါတီမှ တာလှဖေက ဆိုသည်။

မွန်ပြည်သစ်ပါတီ (NMSP) ဥက္ကဋ္ဌ နိုင်ဟံသာက “ကျွန်တော်တို့ နိုင်ငံက လက်နက်ကိုင် ပဋိပက္ခ ဖြစ်နေတာ နှစ်ပေါင်း ၇၀ ကျော်ပြီ။ ဖြေရှင်းလို့ မပြီးနိုင်ဘူးဗျာ။ ဒီအတိုင်း တရားသေပဲ ကိုင်ထားရင် အယူအဆတွေ နောက်ထပ် စစ်ရေးနဲ့ပဲ ဖြေရှင်းရင် ဘယ်လိုမှ ပြီးနိုင်မှာ မဟုတ်ဘူး ။ ဒါကြောင့် နည်းနာတော့ ပြောင်းရမှာပေါ့ဗျာ။ တွေ့ဆုံဆွေးနွေးတဲ့နည်းနဲ့ ပြောင်းတာ အကောင်းဆုံးပဲ။”ဟု ညီလာခံတက်ရောက်လာစဉ် သတင်းသမားများအား ပြောကြားခဲ့သည်။ 

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှ ထွက်ပေါ်လာသော အခွင့်အလမ်းကောင်းများကို မိမိရရ ဆုပ်ကိုင်ကြရန် အလေးအနက် တိုက်တွန်းခဲ့ပြီး ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃)သည် ပြီးခဲ့သည့် ပြည်ထောင်စု သဘောတူစာချုပ်များထက် ပိုမိုထူးခြား ၊ လေးနက်ပြီး ပိုမိုအနှစ်သာရ ပြည့်ဝသည့် စာချုပ်ဖြစ်ကြောင်း ညီလာခံတွင် မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့သည်။

ထို့အတူ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ကျွန်တော်တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ဘာတွေလိုအပ်နေသလဲ၊ ဘာတွေအခက်အခဲဖြစ်နေသလဲဆိုတာကို မြင်အောင်ကြည့်ပြီး ပြုပြင်စရာရှိတာတွေကို အမြန်ပြုပြင်သွားကြရမှာ ဖြစ်ပါတယ်။”ဟု ညီလာခံ အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။ 

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ စတုတ္ထအစည်း အဝေးတွင် အတည်ပြုထားသော သဘောတူညီချက်များကို အစိုးရအဖွဲ့မှ ဒေါက်တာ တင်မျိုးဝင်း၊ လွှတ်တော်အစုအဖွဲ့မှ ဒေါက်တာမေဝင်းမြင့်၊ တပ်မတော် အစုအဖွဲ့မှ ဒုတိယ ဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့မှ ဒေါက်တာဆလိုင်း လျန်မှုန်းဆာခေါင်းနှင့် နိုင်ငံရေးပါတီအစုအဖွဲ့မှ ဦးသုဝေတို့က ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)အဖြစ် ပါဝင် လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြသည်။

ပြည်ထောင်စု သဘောတူစာချုပ်  အစိတ်အပိုင်း(၁)အဖြစ် သဘောတူညီချက် ၃၇ ချက်ကို ၂၀၁၇ ခုနှစ် မေလတွင် ပြုလုပ်ခဲ့သော ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ ဒုတိယ အစည်းအဝေးတွင် လက်မှတ်ရေးထိုးခဲ့ပြီး ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၂) အဖြစ် သဘောတူညီချက် ၁၄ ချက်ကို ၂၀၁၈ ခုနှစ် ဇူလိုင်လတွင် ပြုလုပ်ခဲ့သော ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ တတိယအစည်းအဝေးတွင် လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

ကိုဗစ်ကာလအကျပ်အတည်းပေါင်းစုံကြား ၊ အခက်အခဲများစွာအကြားတွင် နိုင်ငံ၏ အနာဂတ်ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ရင်း ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ တတိယအစည်းအဝေးကို ဩဂုတ် ၁၉ ရက် မှ ၂၁ ရက်အထိ သုံးရက်တာ ကျင်းပပြုလုပ်ခဲ့ရာ အစိုးရ ၊ လွှတ်တော် ၊ တပ်မတော် ၊ တိုင်းရင်းသားလက်နက်ကိုင်များ(EAOs) ၊ နိုင်ငံရေးပါတီများ နှင့် အခြားအဖွဲ့အစည်းများမှ လူပေါင်း(၃၀၀) ကျော်တက်ရောက်ခဲ့သည်မှာ မြန်မာနိုင်ငံအတွင်းရှိ တစ်အူထုံဆင်း သွေးရင်းမောင်းနှမသားချင်းများအနေဖြင့်  ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားကြောင်း ၊ စိတ်ဆန္ဒပြင်းပြကြောင်းကို အထင်အရှားဖော်ပြခြင်းဖြစ်သလို အနာဂတ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည်လည်း ပို၍အားကောင်းလာမည်ကို အားလုံးက မျှော်လင့်နေကြပြီဖြစ်သည်။ (Xinhua)