Connect with us

Politics, Law & Military

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရွှေမျောလုပ်ကွက်များနှင့် ပတ်သက်ပြီး ရဲအုပ်ဟောင်းတစ်ဦးအပါအဝင် ၅ဦးအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူ

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အမှတ်တံဆိပ်အားတွေ့ရစဉ် (ဓာတ်ပုံ-အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် )

ရန်ကုန်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရွှေမျောလုပ်ကွက်များနှင့် ပတ်သက်ပြီး ရဲအုပ်ဟောင်းတစ်ဦး အပါအဝင် ၅ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ်အရေးယူလိုက်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ယနေ့(သြဂုတ် ၂၂ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး သတ္တုတွင်းဦးစီးဌာနဝန်ထမ်းများသည် လုပ်ပိုင်ခွင့်အာဏာကို စွဲကိုင်၍ အဂတိလိုက်စားမှု ကျူးလွန်နေကြောင်း တိုင်တန်းလာမှုအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းသို့ စစ်ဆေးရာတွင် သတ္တုတွင်းဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီးရုံးခွဲမှ ညွှန်ကြားရေးမှူး ဦးအောင်နိုင်သည် ရွှေမျောလုပ်ကွက် ချထားပေးခြင်းနှင့်စပ်လျဉ်း၍ လုပ်ပိုင်ခွင့်ရှိသူဖြစ်ကြောင်း ပြောဆိုကာ ရွှေမျောလုပ်ကွက်များ လျှောက်ထားသည့် ကုမ္ပဏီထံမှ  ငွေကျပ် သိန်း(၄၀)ကို လည်းကောင်း၊ အမှတ်(၂)သတ္တုတွင်းလုပ်ငန်း၊ မုံရွာမှ ဒုတိယအထွေထွေမန်နေဂျာ ဦးလင်းထင်သည် ရွှေမျောလုပ်ကိုင်သည့် ကုမ္ပဏီထံမှ ငွေကျပ်(၂၀၃)သိန်းကို လည်းကောင်း၊ ရဲအုပ်မျိုးမင်းညွန့် (နုတ်ထွက်)သည် မိုင်းကိုင်းရဲစခန်းမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ်က    ရွှေမျောမောင်းသူ (၃)ဦးထံမှ ငွေကျပ်သိန်း (၅၀) နှင့် မျောလုပ်သား သေဆုံးခဲ့သည့်ကိစ္စနှင့် စပ်လျဉ်း၍ ငွေကျပ် သိန်း(၅၀)တို့ကို လည်းကောင်း လက်ခံရယူခဲ့ကြခြင်းဖြင့် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ကြကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ဟုမ္မလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အကြီးတန်းစာရေး ဒေါ်ရှုရှုယဉ်သည် အသေးစား ရွှေမျောလုပ်ကွက်  လျှောက်ထားခြင်းနှင့်ပတ်သက်၍ မြို့နယ် စီမံခန့်ခွဲရေး ကော်မတီမှ ထောက်ခံတင်ပြရန်အတွက် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံး၊ မြေတိုင်း-၄ ဦးစိုးမိုးအောင် ထံမှ ငွေကျပ် ၃၅၀,၀၀၀ကို လက်ခံရယူခြင်းဖြင့် အဂတိလိုက်စားမှုကို ကျူးလွန်ခဲ့ကြောင်း၊ အမှုတွဲထိန်း တာဝန်ထမ်းဆောင်သူ မြေတိုင်း-၄ ဦးစိုးမိုးအောင်သည် မြို့နယ်စီမံခန့်ခွဲရေးကော်မတီမှ ထောက်ခံတင်ပြရန်အတွက် ဒေါ်ရှုရှုယဉ်ထံ ငွေကျပ် ၃၅၀,၀၀၀ပေးခဲ့ခြင်းဖြင့် ဒေါ်ရှုရှုယဉ်မှ အဂတိလိုက်စားမှု ကျူးလွန်ရန် အားပေးကူညီခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

စစ်ဆေးပေါ်ပေါက်ချက်များအရ ဦးအောင်နိုင်၊ ဦးလင်းထင်နှင့် ရဲအုပ်မျိုးမင်းညွန့် (နုတ်ထွက်)တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရလည်းကောင်း၊ ဒေါ်ရှုရှုယဉ် အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၇ အရလည်းကောင်း၊ ဦးစိုးမိုးအောင်အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၇/၆၃ အရလည်းကောင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့မရဲစခန်းနှင့် မိုင်းကိုင်းရဲစခန်းတို့၌ သြဂုတ် ၂၀ရက်၌ ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117