Connect with us

Politics, Law & Military

ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုပြီးသူ (၅၅၂)ဦးရှိ

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးကျင်းပစဉ် (ဓာတ်ပုံ-- YRG)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ) 

ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုပြီးသူ (၅၅၂)ဦးရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဒေါ်စိုးမိုးကြည်က လွှတ်တော်အစည်းအဝေးတွင်ဖြေကြားခဲ့သည်။

နိုင်ငံခြားသားများ အမြဲနေထိုင်ခွင့်(PR)ဆိုင်ရာ နည်းဥပဒေဖြင့် ရန်ကုန်တိုင်းဒေသကြီး အတွင်း နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုပြီးသူ (၅၅၂)ဦးရှိပြီး အမေရိကန်နိုင်ငံသား (၁၅၆)ဦးရှိကြောင်း တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောသည်။ယနေ့၊ နံနက်(၁၀)နာရီတွင် ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး၊ လွှတ်တော်အစည်းအဝေး၌ လှိုင်သာယာမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်(ခ)ဦးဦးဝင်းမောင်၏ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကာလရှည်ကြာ နေထိုင်လျက်ရှိသော နိုင်ငံခြားသားဦးရေ မည်မျှရှိပြီး မည်သည့်နိုင်ငံများမှ အများဆုံးဖြစ်သည်ကို  သိရှိလိုပါကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“နိုင်ငံခြားသားများ မြန်မာနိုင်ငံအတွင်း ကာလကြာရှည်စွာ နေထိုင်အလုပ်လုပ်ကိုင်နိုင်ရန် အတွက် နိုင်ငံခြားသားများ အမြဲနေထိုင်ခွင့် (PR)ဆိုင်ရာ နည်းဥပဒေအား (၁၈-၁၁-၂၀၁၄)ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ်(၁/၂၀၁၄) ပြဌာန်းထားရှိပြီး မြန်မာနိုင်ငံသားဟောင်း(သို့) နိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များ၊ ရင်းနှီးမြှုပ်နှံ၍ စီးပွားရေးလုပ်ကိုင်လိုသူ  မြန်မာနိုင်ငံသားဟောင်း(သို့) နိုင်ငံခြားသားများ၊  မြန်မာနိုင်ငံသားဟောင်း (ပညာရှင်၊ ရင်းနှီးမြှုပ်နှံသူမဟုတ်သူ) မြန်မာနိုင်ငံသားနှင့် ဆက်စပ်သူ နိုင်ငံခြားသားများအနက် အရည်အချင်းကိုက်ညီသည့် နိုင်ငံခြားသားများ အမြဲနေထိုင်ခွင့် လျှောက်ထားလာပါက နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၊ ဗဟိုကော်မတီ အဆင့်ဆင့်သို့ တင်ပြ၍ နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးတို့၏ အတည်ပြုချက်ဖြင့် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်အား ခွင့်ပြုပေးလျက်ရှိပါတယ်။ PR စနစ်၏ နေခွင့်သက်တမ်းမှာ ကနဦး(၅)နှစ် ခွင့်ပြုထားရှိပြီး ထပ်မံ၍ တစ်ကြိမ်လျှင် (၅)နှစ်သက်တမ်းတိုး လျှောက်ထားနိုင်ပါတယ်။ တစ်နှစ်တစ်ကြိမ် နေထိုင်ခွင့်သက်တမ်း အတည်ပြုမှတ်ပုံတင်ရန် လိုအပ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုပြီးသူ (၅၅၂)ဦးရှိပြီး အမေရိကန်နိုင်ငံသား (၁၅၆)ဦး၊ စင်္ကာပူ(၁၄၂)ဦး၊ ဩစတြေးလျ(၉၄)ဦး ရှိပါတယ်။” ဟု ဝန်ကြီးဒေါ်မိုးမိုးစုကြည်က ဒုတိယအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ အစည်းအဝေးတွင်ဖြေကြားခဲ့သည်။

ထို့အပြင် လှိုင်သာယာမြို့နယ်အပါအဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကာလရှည်ကြာနေထိုင်လျက်ရှိသော နိုင်ငံခြားသားများနှင့်စပ်လျဉ်း၍ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျစိစစ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊မရှိ လွှတ်တောိကိုယ်စားလှယ်ဦးဝင်းမောင်၏ မေးခွန်းနှင့်စပ်လျဉ်း၍ ထိုသို့ဖြေကြားခဲ့ခြင်းဖြစ်သည်။

၂၀၁၉ခုနှစ်အတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဗီဇာ(၁၄)မျိုးဖြင့် ဝင်ရောက်လာတဲ့ နိုင်ငံခြားသားစုစုပေါင်း (၁,၃၂၃,၉၉၄)ဦးရှိခဲ့ပြီး ဝင်ရောက်မှုအများဆုံးမှာ ကမ္ဘာလှည့်ဗီဇာဖြင့် (၆၂၄,၀၀၇)ဦး၊ လုပ်ငန်းဗီဇာဖြင့် (၁၉၅,၁၄၁)ဦး၊ လူမှုရေးဗီဇာဖြင့် (၂၅,၇၇၉)ဦးတို့ ဖြစ်ပါကြောင်း၊  အဆိုပါဗီဇာအမျိုးမျိုးဖြင့် ဝင်ရောက်လာသည့် နိုင်ငံခြားသားများအနက် အများဆုံးဝင်ရောက်တဲ့ နိုင်ငံခြားသားမှာ တရုတ်လူမျိုးများဖြစ်ပြီး စုစုပေါင်း(၃၄၄,၂၇ဝ)ဦးရှိပါကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားသည်။

နိုင်ငံခြားသားများ၊ နိုင်ငံခြားသားများ ပြည်တွင်း၊ပြည်ပ ဝင်၊ထွက်မှုကို ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူဆောင်ရွက်ခြင်း၊ ဥပဒေမဲ့ ဝင်ရောက်သူများအား ဖော်ထုတ်၍ ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူ ဆောင်ရွက်ခြင်း၊ နိုင်ငံခြားသားများ ပြည်တွင်း၌ နေထိုင်၊ သွားလာလှုပ်ရှားမှုများကို ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ကြပ်မတ် ထိန်းသိမ်းခြင်းတို့ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ဝင်၊ထွက် သွားလာလျက်ရှိသော နိုင်ငံခြားသားများနှင့် ပတ်သက်၍ နိုင်ငံတော်လုံခြုံရေးကို ထိပါးမှုမရှိစေရေး၊ တရားဥပဒေနှင့်အညီ ကာကွယ် စောင့်ရှောက်မှုပေးနိုင်ရေးနှင့် စိစစ်ကြီးကြပ်ရေးအတွက်  နိုင်ငံခြားသားများနှင့် ကြီးကြပ်စောင့်ရှောက်ရေး ဗဟိုကော်မတီကို နိုင်ငံတော်သမ္မတရုံး၏ ၂၀-၆-၂၀၁၆ ရက်စွဲပါအမိန့် ကြောငြာစာအမှတ်၊ ၄၀/၂၀၁၆ ဖြင့် ဖွဲ့စည်းထားရှိပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ ပြည်ဝင်ဗီဇာအမျိုးမျိုးဖြင့် ဝင်ရောက်ခဲ့ပြီး မြို့နယ်များတွင် လာရောက်နေထိုင်အလုပ်လုပ်ကိုင်လျက်ရှိသည့် နိုင်ငံခြားသားများအား တရားဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ပေးနိုင်ရေး၊ စိစစ်ကြပ်မတ်နိုင်ရေးအတွက် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် နိုင်ငံခြားသားများ ကြီးကြပ်စောင့်ရှောက်ရေးကော်မတီများအား ဖွဲ့စည်းထားရှိပါကြောင်း ဝန်ကြီးက ဖြေကြားခဲ့သည်။  (Xinhua)