Connect with us

Politics, Law & Military

၁၄၉ ဦး ပါဝင်မည့် အခြေခံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးမှုများ၌ ရှောင်ရန် ဆောင်ရန်များကို ပြည်ထောင်စုလွှတ်တော် နာယက အလေးထား မှာကြား

ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ် ကြွရောက်လာစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ)

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းအား လာမည့် ဖော်ဖော်ဝါရီ ၂၅ ရက်၌ လွှတ်တော် ကိုယ်စားလှယ် ၁၄၉ ဦးတို့က စတင် ဆွေးနွေးကြမည် ဖြစ်ရာ ထိုသို့ဆွေးနွေးမည့် အစီအစဉ် လျာထားချက်များနှင့် ဆွေးနွေးသည့်အခါ လိုက်နာရန် အချက်များကို  ပြည်ထောင်စု လွှတ်တော် နာယကက ပြည်ထောင်စု လွှတ်တော် ယနေ့ အစည်းအဝေးတွင် အလေးထား မှာကြားခဲ့သည်။

“ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၈ မှ နည်းဥပဒေ ၁၃၇ အရ လွှတ်တော်ကိုယ်စား လှယ်များက ဆွေးနွေးရာတွင် ဆွေးနွေးခွင့်ပြုသည့် သတ်မှတ်ချိန်၊ တစ်ဦးလျှင် ရှစ်မိနစ် အတွင်း ဆွေးနွေးရမည် ဖြစ်ပြီး ယင်းပြင်ဆင်သည့် ဥပဒေ မူကြမ်း၌ ပါရှိသော ပုဒ်မများပါ ကိစ္စရပ်များမှအပ အခြား မည်သည့် ကိစ္စကိုမျှ ထည့်သွင်း ဆွေးနွေးခြင်း မပြုရလို့ သတ်မှတ် ပြဌာန်းထားပါတယ်။ ဥပဒေမူကြမ်းများအပေါ် ဆွေးနွေးကြသည့်အခါ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းအနေနဲ့ နိုင်ငံရေးပါတီ၊ အဖွဲ့အစည်း တစ်ခုခု၊ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၊ တိုင်းရင်းသား လူမျိုးစု တစ်ခုခုကို ထိခိုက်စေမည့် အသုံး အနှုန်း ပြောဆိုချက်များမပါရှိအောင် ဂရုပြု ဆင်ခြင်ကြဖို့ လိုအပ်ပါတယ်။ လွှတ်တော်နှင့် လွှတ်တော် ကိုယ်စားလှယ်များရဲ့ ဂုဏ်သိက္ခာနှင့် လျော်ညီစွာ ဆွေးနွေးကြဖို့နှင့် အခြား မသက်ဆိုင်သည့် အကြောင်းအရာများကို ထည့်သွင်း ဆွေးနွေးခြင်း မပြုကြဖို့ ကြိုတင် အသိပေးပြီး အလေးထား မှာကြားလိုပါတယ်” ဟု ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန် မြတ်က ပြောကြားခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ မူကြမ်းများ လေ့လာ စိစစ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာ နောက်ဆက်တွဲ ဇ(၁) နှင့် ဈ(၁)တို့ပါ ပြင်ဆင်ချက် ဥပဒေ မူကြမ်း များအပေါ် ဆွေးနွေးဖို့ တစ်ဦးလျှင် ရှစ်မိနစ်နှုန်းဖြင့် လွှတ်တော် ကိုယ်စားလှယ် ၁၄၉ ဦး အမည် စာရင်း ကို ပြည်ထောင်စု လွှတ်တော် ဆိုင်ရာ နည်းဥပဒေ ၁၃၇ နှင့်အညီ သတ်မှတ် လျာထား ပြီး ဖြစ်ကြောင်း၊ ရက်အလိုက် ဆွေးနွေးမည့် အမည်စာရင်း လျာထားချက်ကိုလည်း ကိုယ်စားလှယ်များ အားလုံးထံ ဖြန့်ဝေထားကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ (က)နှင့် ပုဒ်မခွဲ (ခ) တို့ပါ ပြဌာန်း ချက်များအရ ပြင်ဆင်သည့် ဥပဒေ မူကြမ်း နှစ်ခု ခွဲခြား ပြုစုထားသော်လည်း တစ်ပေါင်း တည်း ဆွေးနွေးမည်ဖြစ်သည်ကို ဖြည့်စွက် ပြောကြားလိုကြောင်း၊ အခြေခံ ဥပဒေ ပြင်ဆင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် နာယက အပါအဝင် တာဝန်ရှိသူများအနေဖြင့် အဘက်ဘက်က လေ့လာ စဉ်းစား သုံးသပ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများပါ သတ်မှတ်ပြဌာန်း ချက်များနှင့် ညီညွတ်သည့် ၊ မဆန့်ကျင်သည့် နည်းလမ်းများကို ချပြ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုသို့စဉ်းစားခဲ့ရာမှာ လက်ရှိ လွှတ်တော်၏ ကျန်ရှိ သက်တမ်း အတွင်း ဆောင်ရွက်နိုင်မည့် အခြေအနေနှင့် အကယ်၍ ပြင်ဆင်နိုင်ခဲ့လျှင်လည်း ပြင်ဆင်သည့် ဥပဒေ၏ စတင် အသက်ဝင် ကာလ စသည့် ကိစ္စရပ်များလည်း ပါဝင်ကြောင်း၊ ထို့အပြင် ပြင်ဆင် သည့် ဥပဒေမူကြမ်းများ ထပ်မံ တင်သွင်း လာနိုင်သည့် အခြေအနေ၊ အစီရင်ခံစာ အပေါ် ဆွေးနွေး လာနိုင်သည့် အခြေအနေ၊ စသည့် အခြေအနေ ပေါင်းစုံကို သုံးသပ်ပြီးမှ ဆောင်ရွက်သင့်သည့် နည်းလမ်းများကို ရွေးချယ် ဆောင်ရွက် ခဲ့ခြင်း ဖြစ်ကြောင်း၊  ပြင်ဆင်သည့် ဥပဒေ မူကြမ်း တစ်ခုထက် ပိုပြီး ရှိလာရင်လည်း ပြင်ဆင်နိုင်ရေး၊ စတင် ဆောင်ရွက်ခဲ့သော အဆို၏ လုပ်ငန်းစဉ်၊ နောက် ဆုံး အဆင့်မှာ ရရှိလာမည့် ပြင်ဆင်သည့် ဥပဒေမူကြမ်း အပါအဝင် အားလုံးကို ပူးပေါင်း ပြုစုထားသော ဥပဒေ မူကြမ်းအပေါ်မှာသာ ဆက်လက် ဆောင်ရွက် သင့်သည် ဆိုသည်ကို မူလကတည်းက စဉ်းစား သုံးသပ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊  ထို့ကြောင့် ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းရေး အဆိုကို လွှတ်တော်က လက်ခံပြီး နောက်ပိုင်းမှာ တင်သွင်းလာသည့် ဥပဒေ မူကြမ်း ငါးခု အတွက် တစ်ခုချင်းစီ အလိုက် အစီရင်ခံစာ တင်သွင်း ဆွေးနွေးပြီး အဆုံးအဖြတ် ရယူနိုင်ခဲ့သည့် လွှတ်တော်၏ အတည်ပြုချက်များနှင့် ယခု နောက်ဆုံး အစီရင်ခံစာအရ ဆက်လက် ဆောင်ရွက်နေသော လုပ်ငန်း စဉ်များသည် ရှေ့နောက် ညီညွတ်ပြီး ကွဲလွဲ လုပ်ဆောင်မှု မရှိကြောင်း၊ လိုအပ်မည်ဆိုပါက ယခင် အစီရင်ခံစာများ အပါအဝင် ဆွေးနွေးချက်များ၊ ဆုံးဖြတ်ချက်များ ကို ပြန်လည် လေ့လာ ကြည့်ရှုနိုင် ကြောင်းလည်း ပြောကြားခဲ့သည်။  (Xinhua)