Connect with us

Politics, Law & Military

ရှမ်းပြည်နယ် မိုင်းဆတ်မြို့နယ်၌ ငွေကျပ် ၂ ဒသမ ၅၄၇ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ၊ အိုက်စ်များ ၊ ကဖင်းများ ဖမ်းဆီးရမိ

သိမ်းဆည်းရမိသည့် သက်သေခံပစ္စည်းများအား တွေ့ရစဉ်(ဓာတ်ပုံ - CCDAC Myanmar)

ရန်ကုန် ၊ အောက်တိုဘာ ၂၆ ရက်(ဆင်ဟွာ)

ရှမ်းပြည်နယ် မိုင်းဆတ်မြို့နယ်၌ ငွေကျပ် ၂ ဒသမ ၅၄၇ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ၊ အိုက်စ်များ ၊ ကဖင်းများနှင့် စိတ်ကြွရူးသွပ်ဆေးပြားထုတ်လုပ်ရာတွင်အသုံးပြုသော ဆက်စပ်ပစ္စည်းများအား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးအလွဲသုံးစွဲမှု ထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC Myanmar) က အောက်တိုဘာ ၂၅ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။

မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်း-မိုင်းဆတ် သွားကားလမ်း၊ မိုင်းတွမ်းအုပ်စု၊ ပါခါး ကျေးရွာအနီးတွင် အောက်တိုဘာ ၂၄ ရက်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းတွမ်းဘက်မှ မိုင်းဆတ်ဘက်သို့ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်တူးဘောက်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ပြား သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်း အုပ်စု၊ နမ့်ခမ်း(၁)အောက်ကျေးရွာရှိ လော်ချာနှင့် လော်ဖာ တို့၏နေအိမ်အားရှာဖွေရာ ၎င်းတို့အားမတွေ့ရှိဘဲ အဆိုပါနေအိမ်အတွင်းမှ GUANYINWANG စာတန်းပါလက်ဖက်ခြောက်အိတ်ဖြင့်ထည့်လျက် အိုက်စ် ၁၂၄ ကီလို၊ ဆာလာအိတ်ဖြင့် ထည့်လျက် ကဖင်း ၆၅၀ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြားရိုက်နှိပ်သည့် သံမို WY စာတန်းပါ ၁၁ ချောင်းနှင့် စာတန်းမပါ ၁၁ ချောင်းတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်ကြောင့် မော်တော်ဆိုင်ကယ် မောင်းနှင်လာသူ နှင့် တိမ်းရှောင်သူ နှစ်ဦးအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်တရားခံများ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း နှင့် တိမ်းရှောင်သူ နှစ်ဦးအနက် တစ်ဦးမှာ တာချီလိတ်မြို့၌ မေလအတွင်းက စိတ်ကြွရူးသွပ်ဆေးပြား ၃ သိန်း ဖမ်းဆီးရမိခဲ့သည့် အမှုမှ ကွင်းဆက်တရားခံပြေး တစ်ဦး ဖြစ်ကြောင်း ထုတ်ပြန်မှုတွင် ထည့်သွင်း ဖော်ပြထားသည်။ (Xinhua)