Connect with us

Politics, Law & Military

အသက် ၆၀ နှစ် နှင့်အထက် မဲဆန္ဒရှင်များ အပါအဝင် ကြိုတင်ဆန္ဒမဲပေးခွင့်ပြုထားသော မဲဆန္ဒရှင်များ အောက်တိုဘာ ၂၅ ရက်မှ နိုဝင်ဘာ ၇ ရက်အတွင်း ကြိုတင်ဆန္ဒမဲများ ကောက်ယူမည်

ရန်ကုန်မြို့၌ နှာခေါင်းစည်း ၊ မျက်နှာဖုံး အကာအကွယ်များဖြင့် သွားလာနေသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၂၅ ရက်(ဆင်ဟွာ)

ကြိုတင်ဆန္ဒမဲပေးခွင့်ပြုထားသော မိမိနေရပ်သို့ ပြန်လည်၍ ဆန္ဒမဲ မပေးနိုင်သူများ ၊ Stay at Home အဖြစ်သတ်မှတ်ထားသော မြို့နယ်များနှင့် လူဦးရေထူထပ်သော မြို့နယ်တွင် နေထိုင်သော အသက် ၆၀ နှစ် နှင့်အထက် မဲဆန္ဒရှင်များ ၊ ကျန်မြို့နယ်များတွင် နေထိုင်သော အသက် ၆၀ နှစ်နှင့်အထက် မဲဆန္ဒရှင်များ နှင့် Quarantine Center များတွင် Quarantine ဝင်ရောက်နေသူ မဲဆန္ဒရှင်များ အောက်တိုဘာ ၂၅ ရက်မှ နိုဝင်ဘာ ၇ ရက်အတွင်း ကြိုတင်ဆန္ဒမဲများ ပေးကြမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးရှိန်ဝင်းက “နဂိုက အဲဒီလုပ်ငန်းစဉ် Stay at Home တွေ ၊ ၁ စတုရန်း ကီလိုမီတာမှာ သိပ်ဆည်းဆ ၅၀၀၀ ရော ၊ Quarantine စင်တာတွေရောက တကယ်တမ်း ပြောရရင် ဒီလ ၂၉ ရက်မှ စမှာပါ။ဒါပေမယ့် COVID-19 ကပ်ရောဂါကြောင့်ရယ် ၊ အကြောင်းအမျိုးမျိုးကြောင့်ရယ်ကြောင့် ရှေ့ကို တိုးလုပ်ပါ ဆိုပြီး ၂၅ ရက် စပြီး လုပ်ပါဆိုပြီး ညွှန်ကြားတဲ့ သဘောပါ ။ အပြောင်းအလဲကတော့ မရှိပါဘူး ။ ရက်ရှေ့တိုးတဲ့ သဘောပါ ။ကျွန်တော်တို့ရဲ့ မဲလက်မှတ်တွေ လုံခြုံရေး ၊ မဲပုံးတွေ လုံခြုံရေးက ရပ်/ကျေးအထိ ဖြန့်ရတာ ဆိုတော့ ဒီနေ့တော့ ဖြန့်တဲ့ လုပ်ငန်းပဲ လုပ်လို့ရပါမယ်။ ပေးတဲ့လုပ်ငန်းတွေ ၊ အိမ်တိုင်ရာရောက် ကောက်တဲ့လုပ်ငန်းတွေကတော့ ဒီနေ့တော့ မလုပ်နိုင်သေးပါဘူး။”ဟု ဆင်ဟွာသို့ ပြောသည်။

မန္တလေးတိုင်းဒေသကြီး၌ အသက် ၆၀ နှစ်နှင့်အထက် မဲဆန္ဒရှင် ဦးရေ ၇၅၈,၀၀၀ ကျော် ရှိပြီး လူဦးရေထူထပ်သော မြို့နယ် (၁ စတုရန်း ကီလိုမီတာတွင် ပျမ်းမျှလူဦးရေ ၅၀၀၀ နှင့်အထက်) နှင့်အတူ Stay at Home အစီအစဉ်တွင် အကျုံးဝင်သော မြို့နယ်များဖြစ်သည့် မဟာအောင်မြေ ၊ ချမ်းအေးသာစံ နှင့် အမရပူရ ၃ မြို့နယ် ရှိကြောင်း သိရသည်။

“Stay at Home ရော ၊ လူဦးရေထူထပ်တဲ့ မြို့နယ်တွေကတော့ ကျွန်တော်တို့က Door to Door လိုက်ပြီး အသက် ၆၀ ကျော်တွေ Door to Door ပေးနိုင်အောင် ဆောင်ရွက်ပေးမှာပါ။ ကျန်မြို့နယ်တွေကတော့ အသက် ၆၀ ကျော်တွေကတော့ သူတို့ရဲ့ ရပ်ကွက် ၊ ကျေးရွာ ကော်မရှင်ရုံးတွေမှာ လာပေးရမှာပါ။နည်းလမ်းက နှစ်မျိုးပါ ။”ဟု ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။

Stay at Home အဖြစ်သတ်မှတ်ထားသော မြို့နယ်များနှင့် လူဦးရေထူထပ်သော မြို့နယ် (၁ စတုရန်း ကီလိုမီတာတွင် ပျမ်းမျှလူဦးရေ ၅၀၀၀ နှင့်အထက်) တွင် ယခုကာလအတွင်း COVID-19 ရောဂါ ကူးစက်ဖြစ်ပွားနေမှု အခြေအနေများအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အထူးကိစ္စရပ်များအနေဖြင့် ကြေညာချက် ထုတ်ပြန်၍ ကြိုတင်ဆန္ဒမဲပေးခွင့်ပြုထားသော အဆိုပါ မဲဆန္ဒရှင်များသည် အောက်တိုဘာ ၂၅ ရက်မှ နိုဝင်ဘာ ၇ ရက်အတွင်း သက်ဆိုင်ရာ မြို့နယ်နှင့် ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများက သတ်မှတ်သည့်နေ့ရက်၊ အချိန်နှင့် နေရာများအတိုင်း ကြိုတင်ဆန္ဒမဲများ ပေးကြမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ အောက်တိုဘာ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ကြိုတင်ဆန္ဒမဲပေးခြင်းများကို လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက်ပွဲကိုယ်စားလှယ်များ၊ မဲရုံကိုယ်စားလှယ်များ၊ အကူကိုယ်စားလှယ်များ၊ ပြည်တွင်း/ပြည်ပ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များနှင့် မီဒီယာများအနေဖြင့် သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် ဆက်သွယ်၍ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ မဲဆန္ဒရှင်၏ လျှို့ဝှက်ဆန္ဒပြုခြင်းကို မထိခိုက်စေဘဲ လိုက်ပါကြည့်ရှုနိုင်ကြောင်း အသိပေးကြေညာထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.