Connect with us

Politics, Law & Military

လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်

၂၀၁၈ ခုနှစ်တွင် ကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနေသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၁ ရက်(ဆင်ဟွာ)

လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများအား နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့ ဇူလိုင် ၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ 

လွှတ်တော်အသီးသီး၏မဲဆန္ဒနယ်များအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်း စတင်တင်သွင်းနိုင်သည့် နေ့ရက်ကို ဇူလိုင်လ ၂၀ ရက် အဖြစ် လည်းကောင်း ၊ အမည်စာရင်း နောက်ဆုံးတင်သွင်းနိုင်သည့် နောက်ဆုံးနေ့ရက်ကို ဩဂုတ်လ ၇ ရက် အဖြစ်လည်းကောင်း ၊ အမည်စာရင်း တင်သွင်းလွှာများကို ရုတ်သိမ်းလိုက ရုတ်သိမ်းနိုင်သည့် နောက်ဆုံးနေ့ရက်ကို ဩဂုတ်လ ၁၀ ရက် အဖြစ်လည်းကောင်း ၊ အမည်စာရင်း တင်သွင်းလွှာများ စိစစ်မည့်နေ့ရက်ကို ဩဂုတ်လ ၁၁ ရက်မှ ၁၇ ရက်အထိ သတ်မှတ်ထားကြောင်းလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာခဲ့သည်။ 

ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးလုပ်ငန်းများ၊ နယ်မြေစည်းရုံးရေးလုပ်ငန်းများ၊ စုဝေးဟောပြောခြင်းနှင့်မဲဆွယ်စည်းရုံးခွင့်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ဝင် တစ်ဦးဦး ၊ ဒုတိယဝန်ကြီးတစ်ဦးဦး ၊ ပြည်ထောင်စုတရားသူကြီးချုပ် သို့မဟုတ် ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်၊ ပြည်ထောင်စုရှေ့နေချုပ် သို့မဟုတ် ဒုတိယရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ် သို့မဟုတ် ဒုတိယစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်တို့သည်လည်း နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတစ်ရပ်ရပ်၌ ပါဝင်ရွေးချယ်ခံမည့်သူ ဖြစ်ပါက နိုင်ငံသားတစ်ဦးအား ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၊ ပုဒ်မခွဲ (က) အရ ပေးအပ် ထားသော ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မဆုံးရှုံးစေရန်အလို့ငှာ ရွေးကောက်ပွဲကျင်းပရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာသည့် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁ ရက်မှစ၍ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၂၀ နှင့် ၁၂၁ တို့ပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီလျှင် ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးလုပ်ငန်းများကိုလည်းကောင်း၊ နယ်မြေ စည်းရုံးရေးလုပ်ငန်းများကိုလည်းကောင်း ဆောင်ရွက်ခွင့်ရှိကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ 

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် သက်ဆိုင်ရာ လွှတ်တော်အလိုက် မဲဆန္ဒနယ်များ သတ်မှတ်ကြေညာခဲ့ရာတွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၃၀ နယ် ၊ အမျိုးသား လွှတ်တော် မဲဆန္ဒနယ် ၁၆၈ နယ် ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် ၆၄၄ နယ် နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တိုင်းရင်းသား လူမျိုး မဲဆန္ဒနယ်များ ၂၉ နယ် အသီးသီး ရှိကြောင်း သိရသည်။ 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို လွတ်လပ်တရားမျှတ၍ ပွင့်လင်းမြင်သာမှုရှိပြီး အများယုံကြည် လက်ခံသည့် ရွေးကောက်ပွဲဖြစ်စေ၍ ရွေးကောက်ပွဲရလဒ်နှင့် ပြည်သူ့ဆန္ဒ တစ်ထပ်တည်းကျစေရန် ဆိုသည့်စံများနှင့်အညီ စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ဇွန် ၂၇ ရက်က ရန်ကုန်မြို့၌ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံရာတွင် ထည့်သွင်း ပြောကြားထားသည်။ 

မြန်မာနိုင်ငံ၌ ယခုအချိန်ထိ တည်ဆဲနိုင်ငံရေးပါတီ စုစုပေါင်း ၉၇ ပါတီ ရှိပြီး ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ထည့်သွင်း ပြောကြားခဲ့သည်။ (Xinhua)