Connect with us

Politics, Law & Military

လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်း ဆိုင်ရာ ဥပဒေကြမ်းအပေါ် ဥပဒေကြမ်း ပူးပေါင်း ကော်မတီ၏ အစီရင်ခံစာ ပြည်ထောင်စု လွှတ်တော်သို့တင်သွင်း

ပြည်ထောင်စု လွှတ်တော် အစည်းအဝေး (ဆင်ဟွာ)

နေပြည်တော် ၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ)

လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အတည်ပြု ပြဌာန်းနိုင်ရေးအတွက် ဆောင်ရွက်ရာတွင် နိုင်ငံရေးပါတီ အများစုမှ တင်ပြခဲ့သည့်အတိုင်း လတ်တလော အလျင်အမြန် ဆောင်ရွက်ရန် မသင့်ဟု သုံးသပ် ရရှိသည့်အတွက် အဆင့်လိုက် ဆောင်ရွက်သင့်ကြောင်း ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်း ကော်မတီမှ သဘောထား မှတ်ချက် ပြုထားသော ထပ်မံ စိစစ်သည့် လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက် အစီရင်ခံစာအား ယနေ့နေပြည်တော်၌ ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် တင်သွင်း ဖတ်ကြားခဲ့သည်။

ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ သဘောထား မှတ်ချက်တွင် ယင်း ဥပဒေကြမ်းကို အတည်ပြုနိုင်ရေး အတွက် ဆောင်ရွက်ရာတွင် နိုင်ငံရေးပါတီ အများစုက တင်ပြခဲ့သည့် အတိုင်း လတ်တလော အလျှင်အမြန် ဆောင်ရွက်ရန် မသင့်ဟု သုံးသပ်ရရှိသည့် အတွက် လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်း ဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အတည်ပြု ပြဌာန်းနိုင်ရေးကို ဆက်လက် ဆောင်ရွက်ရန် သင့်/မသင့် ချပြ ဆွေးနွေးပြီး လွှတ်တော်၏ အဆုံးအဖြတ် ရယူရန် ၊ ဆက်လက် ဆောင်ရွက်ရန် မသင့်ကြောင်း လွှတ်တော်က ဆုံးဖြတ်ပါက ဥပဒေကြမ်း အတည်ပြုနိုင်ရေးကို ဆိုင်းငံ့ထားရန်နှင့် ဆက်လက် ဆောင်ရွက် သင့်ကြောင်း ဆုံးဖြတ်ပါက ဇူလိုင်လ ၂၃ ရက်တွင် ကျင်းပ ပြုလုပ်ခဲ့သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ ဥပဒေကြမ်း ပူးပေါင်း ကော်မတီမှ တင်ပြခဲ့ပြီး ဖြစ်သော လွှတ်တော်နှစ်ရပ် သဘော ကွဲလွဲချက်များအပေါ် အခြေခံ၍ ထပ်မံပြင်ဆင် ဖြည့်စွက်သင့်သည့် အချက်များကိုပါ ကျယ်ကျယ် ပြန့်ပြန့်အသေးစိတ် ညှိနှိုင်း ဆွေးနွေးပြီးမှ အတည်ပြု ဆောင်ရွက်ရန် တင်ပြ ဖတ်ကြားခဲ့သည်။

ယင်းဥပဒေကြမ်းနှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်း ကော်မတီ၏ လေ့လာ တွေ့ရှိချက်မှာ ဥပဒေကြမ်း ပူးပေါင်း ကော်မတီ အစည်းအဝေးသို့တတ်ရောက်ခဲ့ကြသော နိုင်ငံရေး ပါတီများအနက် နိုင်ငံရေး ပါတီ ၆ ပါတီမှ တာဝန်ရှိ ပုဂ္ဂိုလ်များက လွှတ်တော်နှစ်ရပ် သဘော ကွဲလွဲချက်များကို လွှတ်တော်၏ အဆုံးအဖြတ် ရယူ၍ အလျှင်အမြန် ဆောင်ရွက်သင့်ကြောင်း တင်ပြခဲ့သည်။ ကျန်နိုင်ငံရေး ပါတီ ၁၃ ပါတီနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တို့က ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက် ဖြစ်သည့် တာဝန်မှ ပြန်လည် ရုပ်သိမ်းလိုသော လွှတ်တော် ကိုယ်စားလှယ်နှင့် ပတ်သက်၍ တိုင်တန်းချက်ကို တင်ပြခွင့်ရှိသည့် သက်ဆိုင်ရာ မဲဆန္ဒနယ်မြေ၏ မူလ မဲဆန္ဒရှင်များအနက် အနည်းဆုံး တစ်ရာခိုင်နှုန်း သတ်မှတ်ချက်သည် လွန်စွာ နည်းပါးသည့် ရာခိုင်နှုန်း ဖြစ်ခြင်း ၊ နိုင်ငံရေး အကျပ်အတည်းများ ပေါ်ပေါက်လာရန် ဖန်တီးသကဲ့သို့ဖြစ်နိုင်ခြင်း ၊ ဥပဒေပြု လွှတ်တော်ကို မတည်မငြိမ် ဖြစ်စေရန် ဆောင်ရွက် သကဲ့သို့ဖြစ်နေခြင်း ၊ စုံစမ်း စစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းခြင်းနှင့် အစီရင်ခံစာ တင်ပြခြင်းတို့တွင် သင့်တော်သည့် လွှတ်တော် ကိုယ်စားလှယ် ပါဝင် ဆောင်ရွက်သင့်ခြင်း တို့အပြင် ဒီမိုကရေစီ စနစ်ကို ကျင့်သုံးရာတွင် အဟန့်အတား ဖြစ်နိုင်ခြင်း ၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ထိခိုက်နိုင်ခြင်း ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို ထိခိုက်နိုင်ခြင်း စသည့် အထူးအလေးထား သုံးသပ်ရမည့် အချက်များကြောင့် ကျယ်ကျယ် ပြန့်ပြန့်ဆွေးနွေးပြီးမှသာ အချိန်ယူ ဆောင်ရွက်သင့်ကြောင်း တင်ပြခဲ့ကြပါကြောင်း ဖတ်ကြားခဲ့သည်။

ထို့နောက် ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခဲ့သည်။

လွှတ်တော်နှစ်ရပ် သဘော ကွဲလွဲသော လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း အပေါ် ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ ဥက္ကဌဖြစ်သူ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့အနေနဲ့ လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ရုပ်သိမ်းခြင်း ဥပဒေကို ကန့်ကွက်ပါတယ်။ အဲဒီ ဥပဒေမှာပါတဲ့ ၁ ရာခိုင်နှုန်း ဆိုတာက နည်းလွန်းပါတယ်။ စစ်ကိုင်းတိုင်းမှာ ဆိုရင် ကျွန်မတို့ ရဲ့ လွှတ်တော် ကိုယ်စားလှယ်က ၉၂ ရာခိုင်နှုန်း ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပါတယ်။ ၁ ရာခိုင်နှုန်းသော မဲဆန္ဒရှင်တွေက လက်မှတ် ထိုးလို့ လွှတ်တော် ကိုယ်စားလှယ် တာဝန်က ပြန်ရုပ်သိမ်းဖို့ ဆိုတာကတော့ အဓိပ္ပါယ်မရှိဘူး။ ကျွန်မတို့ ဒါကိုလည်း ကန့်ကွက်ပါတယ်။ ၁ ရာခိုင်နှုန်း ဆိုတာက အဓိပ္ပာယ်မရှိပါဘူး။ ကျွန်မတို့က ၁ ရာခိုင်နှုန်းဆိုတာကို ကန့်ကွက်တယ်။ ၂၀ ရာခိုင်နှုန်း ပြင်ပေးဖို့ ကျွန်မတို့ တင်ပြထားပါတယ်။ ဒါအစပဲရှိသေးတယ်။ ၁ ရာခိုင်နှုန်းက လက်မှတ်ထိုးလို့ရှိရင် လုပ်ရမယ့် ကိစ္စတွေ အများ ကြီးပဲ။ လွှတ်တော်တစ်ခုအတွင်းမှာ အခြား အလုပ်တောင် လုပ်ဖို့ အချိန်မရှိတော့ဘူး” ဟု ယမန်နေ့က သတင်း မီဒီယာများသို့ ပြောကြား ထားသည်။ (Xinhua)