Connect with us

Politics, Law & Military

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ မဲဆွယ် စည်းရုံးခွင့် နှင့်ပတ်သက်၍ နိုင်ငံရေး ပါတီများသို့ အကြောင်းကြားစာ ပေးပို့

မဲစာရင်း စစ်ဆေးနေသူများ (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ)

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ စက်တင်ဘာလ ၈ ရက်နေ့မှ စတင်၍ ရွေးကောက်ပွဲဆိုင်ရာ စုဝေး ဟောပြောခြင်းနှင့် မဲဆွယ် စည်းရုံးခွင့် ဆိုင်ရာများကို ပြုလုပ်နိုင်ကြောင်း နိုင်ငံရေး ပါတီ အားလုံးသို့ အကြောင်းကြားစာ ပေးပို့ထားကြောင်း ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင်မှ တာဝန်ရှိသူ ဦးခင်ဇော်ထွန်းက ယနေ့ ဆင်ဟွာကို ပြောကြားသည်။

ခင်ဇော်ထွန်းက “ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေး ပါတီများနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ မဲဆွယ် စည်းရုံးရာတွင် ထုတ်ပြန်ထားသော ညွှန်ကြားချက်နှင့် အညီ ဆောင်ရွက်ရန် အပြင် နိုင်ငံရေး ပါတီများနှင့် ကိုယ်စားလှယ် လောင်းများ သဘောတူ လက်မှတ် ရေးထိုးခဲ့ကြသည့် ကျင့်ဝတ်ကို စောင့်ထိန်း လိုက်နာကြဖို့ ဆိုပြီး ကျွန်တော်တို့ အကြောင်းကြားစာ ပို့တာပါ’’ ဟု ပြောသည်။

အဆိုပါ အကြောင်းကြားစာတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဇူလိုင် (၁) ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသော ရွေးကောက်ပွဲ ဆိုင်ရာ စုဝေး ဟောပြောခြင်းနှင့် မဲဆွယ် စည်းရုံးခွင့် ညွှန်ကြားချက် (၁/၂၀၁၄) တွင် ပါရှိသော စာပိုဒ် (၃) မဲဆွယ် စည်းရုံးခြင်း ကာလ ပြင်ဆင်ကြောင်းကို အကြောင်း ကြားခဲ့ပြီး ဖြစ်ကြောင်း၊ ယင်းပြင်ဆင်ချက်အရ စာပိုဒ် ၃၊ မဲဆွယ် စည်းရုံးခွင့် ကာလ ခေါင်းစဉ်အောက်တွင် မဲဆွယ် စည်းရုံးခွင့် ကာလကို ရက်ပေါင်း ၆၀ ခွင့်ပြုထားသောကြောင့် စက်တင်ဘာလ ၈ ရက် နံနက် (၆) နာရီမှ နိုဝင်ဘာလ ၆ ရက် ည (၁၂) နာရီအထိ မဲဆွယ် စည်းရုံးခွင့် ရှိကြောင်း ပါရှိသည်။

ထိုသို့ မဲဆွယ် စည်းရုံးရာတွင် လွှတ်တော် ကိုယ်စားလှယ်လောင်းများသည် မိမိ၏ ကိုယ်ရေး အချက်အလက်၊ စွမ်းဆောင်ရည်နှင့် မူဝါဒ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို အများပြည်သူ သိရှိရန် မဲဆွယ် စည်းရုံးသည့် ပိုစတာများ စိုက်ထူခြင်း ၊ ချိတ်ဆွဲခြင်း၊ ကြော်ငြာခြင်းကို ပြုလုပ်လိုပါက သက်ဆိုင်ရာ မြို့တော် စည်ပင်သာယာရေး ကော်မတီ သို့မဟုတ် မြို့နယ် စည်ပင်သာယာရေး ကော်မတီများထံသို့ တင်ပြ ခွင့်ပြုချက် တောင်းခံ၍ သတ်မှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက်များနှင့် အညီ ဆောင်ရွက်ခွင့် ရှိကြောင်း၊ ယင်းသို့ ကြော်ငြာ/ပိုစတာ စိုက်ထူခြင်း၊ ချိတ်ဆွဲခြင်းကို ကော်မရှင်က သတ်မှတ် ထားသည့် မဲဆွယ် စည်းရုံးခွင့် ကာလအတွင်း၌သာ ဆောင်ရွက်ခွင့် ရှိကြောင်း၊ မဲဆွယ် စည်းရုံးသည့် ကြော်ငြာ/ပိုစတာများကို မဲဆွယ် စည်းရုံးခွင့်ပြုထားသည့် နောက်ဆုံးရက် နိုဝင်ဘာလ ၆ ရက် ည (၁၂) နာရီ နောက်ဆုံးထား၍ ဖြုတ်သိမ်းခြင်း မရှိပါက မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများသည် သက်ဆိုင်ရာ မြို့တော် စည်ပင်သာယာရေး ကော်မတီ သို့မဟုတ် မြို့နယ် စည်ပင်သာယာရေး ကော်မတီများနှင့် ညှိနှိုင်း၍ ကြော်ငြာ/ပိုစတာများအား ဖြုတ်သိမ်း သွားစေမည် ဖြစ်ကြောင်း၊ ယင်းသို့ ကြော်ငြာ/ပိုစတာ ဖြုတ်သိမ်းခြင်း လုပ်ငန်း ဆောင်ရွက်ရသည့် ကုန်ကျ စရိတ် ကျသင့်ငွေအား သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်လောင်းမှ ပြန်လည် ပေးချေရန် တာဝန်ရှိမည် ဖြစ်ကြောင်း အကြောင်းကြားစာ ထဲတွင် ပါရှိသည်။

“ပါတီ ၁ ခု နဲ့ ၁ ခု မဲဆွယ် စည်းရုံးရင်း မလိုလားအပ်တဲ့ ပြဿနာတွေ မရှိရအောင် ၊ မဲဆွယ် စည်းရုံးခွင့်တွေ ရရှိအောင် ဆောင်ရွက်တာ ဖြစ်ပါတယ်’’ ဟု ဦးခင်ဇော်ထွန်းက ပြောသည်။ (Xinhua)