Connect with us

Politics, Law & Military

အခြေခံလူတန်းစား ၆ သန်းကျော်အတွက် ကျပ် ၁၆၄ ဘီလီယံ ပေးအပ်ရန် ဆောင်ရွက်လျက်ရှိ

နိုင်ငံတော် သမ္မတရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေး အား သမ္မတအိမ်တော် သတင်းစာရှင်းပွဲ တစ်ခု၌တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) ရေးသားသူ/စိုးသန်းလင်း

ပုံမှန်ဝင်ငွေ မရှိသော အခြေခံ လူတန်းစားများအတွက် နိုင်ငံတော်က ပြီးခဲ့သည့် ဧပြီလနှင့် ဇွန်လတို့မှ စပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ရာ ယခု စတုတ္ထအကြိမ် ပေးအပ်ခြင်း၌ အိမ်ထောင်စုပေါင်း ၆ ဒသမ ၁ သန်းအတွက် ကျပ် ၁၆၄ ဘီလီယံ ပေးအပ်ရန်ဆောင်ရွက်လျက်ရှိသည်ဟု နိုင်ငံတော် သမ္မတရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးက အိမ်တော် သတင်းထောက်များ စာမျက်နှာတွင် ယနေ့ နေ့လယ် ပိုင်း၌ ဖြေကြားခဲ့သည်။

အဆိုပါ စတုတ္ထအကြိမ် ပေးအပ်ခြင်းနှင့် ပတ်သက်ပြီး ၎င်းက “Stay at Home နယ်မြေ ဒေသတွေ ဆိုရင် ကျပ် လေးသောင်းနှုန်းနဲ့ အိမ်ထောင်စု ၂ ဒသမ ၁ သန်းခန့်ဖြစ်ပြီး Stay at Home ပြင်ပ နယ်မြေ ဒေသတွေဆိုရင် ကျပ် နှစ်သောင်းနှုန်းနဲ့ အိမ်ထောင်စုပေါင်း လေးသန့်ခန့် ဖြစ်ပါတယ်” ဟု ဖြေကြားခဲ့သည်။

မူလကတည်းက နယ်မြေ ဒေသအလိုက် ပုံမှန် ဝင်ငွေ မရှိသော လူတန်းစားများကိုသာ ထောက်ပံ့ ခဲ့ခြင်း ဖြစ်သော်လည်း ယခု စတုတ္ထအကြိမ် ပေးအပ်ချိန်၌ ဒေသအချို့တွင်သတင်းအချက်အလက် ပြည့်စုံစွာ မရရှိခြင်း၊ မူလ စာရင်းကောက်ယူချိန်တွင် မပြည့်စုံခဲ့ခြင်း၊ မူလစာရင်းတွင် မပါသူများက ထောက်ပံ့ကြေး ရယူရန် တောင်းဆိုလာခြင်း၊ စသည့် ပြည်သူနှင့်ရပ်/ ကျေး အုပ်ချုပ်ရေးမှုးများ အကြား နားလည်မှု လွဲမှားမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ လက်ရှိ၌ ရာနှုန်းပြည့် ပေးအပ်ပြီးသည့် တိုင်းဒေသကြီး/ ပြည်နယ် နှစ်ခု(ကယား၊ တနင်္သာရီ)၊ ၈၀ ရာခိုင်နှုန်းကျော် ပေးအပ်ပြီး တိုင်းဒေသကြီး / ပြည်နယ် သုံးခု(ကချင်၊ ကရင်၊ ဧရာဝတီ)၊ ၇၀ ရာခိုင်နှုန်းကျော် ပေးအပ်ပြီး ဖြစ်သည့် တိုင်း ဒေသ ကြီး/ ပြည်နယ် ခြောက်ခု (နေပြည်တော်၊ ချင်း၊ စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ မန္တလေး)၊ ၆၅ ရခုငိနှုန်းကျော် ပေးအပ်ပြီး ဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီးနှင့် ၅၀ ရာခိုင်နှုန်းအောက်သာ ပေးအပ်နိုင်သေးသည့် တိုင်းဒေသကြီး / ပြည်နယ် သုံးခု(ရှမ်း၊ ရခိုင်၊ တနင်္သာရီ)တို့ ဖြစ်ကြောင်းလည်း ဦးဇော်ဌေးက ရှင်းလင်း ပြောကြားခဲ့သည်။

လက်ရှိ ဖြစ်ပေါ်လျက်ရှိသော မကျေလည်မှု၊ အငြင်းပွားမှုများအတွက် မြို့ နယ် အဆင့် တိုင်ကြားမှု ဖြေရှင်းရေး ဌာနများကို နိုဝင်ဘာ ၁၆ ရက်နေ့မှ စတင် ဖွင့်လှစ်ရန်၊ အလွယ်တကူ တိုင်ကြားနိုင်မည့် ဖုန်း နံပါတ်များ ထုတ်ပြန်ပေးရန်၊ မြို့နယ်အဆင့်က ဖြေရှင်း ဆောင်ရွက်ပေးခြင်းများကို ခရိုင် အဆင့်က အနီးကပ် ကြီးကြပ်ကူညီ ဆောင်ရွက်ပေးရန်၊ သက်ဆိုင်ရာ တိုင်းဒေသကြီး / ပြည်နယ် အစိုးရအဖွဲ့ အသီးသီးသို့ အချိန်နှင့် တစ်ပြေးညီ တင်ပြရန်နှင့် ညှိနှိုင်း ဖြေရှင်း ဆောင်ရွက်ပေး လျက်ရှိသည့် အခြေအနေများကို သက်ဆိုင်ရာ နယ်မြေ ဒေသ အလိုက် သတင်းထုတ်ပြန် ရှင်းလင်း ခြင်းများ ဆောင်ရွက်ရန် တို့ကို ညွှန်ကြားထားပြီး ဖြစ်ကြောင်းလည်း ၎င်းက ဖြေကြားခဲ့သည်။

ပုံမှန်ဝင်ငွေ မရှိသော အခြေခံ လူတန်းစားများအတွက် နိုင်ငံတော်က ငွေကြေး ထောက်ပံ့မှု လေးကြိမ် ဆောင်ရွက်ခဲ့ရာ ပထမအကြိမ် (ဧပြီ၊ ဇွန်)တွင် အိမ်ထောင်စု ၅ ဒသမ ၄ သန်းအတွက် ကျပ် ၇၂ ဘီလီယံ၊ ဒုတိယ အကြိမ် (ဇူလိုင်၊ သြဂုတ်)တွင် အိမ်ထောင်စု ၅ ဒသမ ၄ သန်းအတွက် ကျပ် ၂၁၈ ဒသမ ၃ ဘီလီယံ၊ တတိယ အကြိမ်(စက်တင်ဘာလ) တွင် အိမ်ထောင်စု ၅ ဒသမ ခုနစ်သန်းခန့် အတွက် ကျပ် ၁၁၃ ဒသမ ၉ ဘီလီယံ နှင့် ယခု ပေးအပ်လျက် ရှိသည့် စတုတ္ထအကြိမ်တွင် အိမ်ထောင်စု ပေါင်း ၆ ဒသမ ၁ သန်းခန့်အတွက် ကျပ် ၁၆၄ ဘီလီယံ ရှိကြောင်း ဦးဇော်ဌေး၏ ဖြေကြားချက်တွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.