Connect with us

Politics, Law & Military

အခွင့်ကောင်းယူပြီး ကိုယ်ကျိုးရှာသည့် လုပ်ငန်းရှင်များ ကုန်သည်များအား ထိထိရောက်ရောက် အရေးယူမည်ဟု ဆို

သမ္မတရုံး ပြောရေးဆိုခွင့်ရ၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ရှင်းလင်း ဖြေကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မတ် ၁၃ ရက်(ဆင်ဟွာ)

COVID – 19 အား ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကမ္ဘာ့ ကပ်ရောဂါအဖြစ် ကြေညာပြီးချိန်တွင် ပြည်သူလူထု  က စိုးရိမ်နေကြသည့်  အခြေအနေအပေါ် အခွင့်ကောင်းယူကာ ဈေးကစားသည့်၊ အကျိုး အမြတ် ရှာသည့် လုပ်ငန်းရှင်များ၊ ဈေးသည်များအား ယခုကတည်းက သတိပေးကြောင်းနှင့် ထိထိ ရောက်ရောက် အရေးယူသွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရ၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ယနေ့ ညနေပိုင်း သမ္မတအိမ်တော် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

“ကျွန်တော်တို့ကြုံတွေ့နေရတာက COVID-19 ကူးစက်ရောဂါထက် ကူးစက်ရောဂါရဲ့ ဂယက် အပေါ်မှာ အသုံးချပြီးတော့ တချို့လည်း ရည်ရွယ်ချက်ရှိရှိ ဖြစ်ကောင်း ဖြစ်မယ်၊ တချို့လည်း ရည်ရွယ်ချက်မရှိ ဖြစ်ကောင်း ဖြစ်မယ်၊ ကောလာဟလ သတင်းတွေ ထုတ်လွှင့်ခြင်းကလည်း လူထုအပေါ်မှာ စိုးရိမ် ပူပန်မှုတွေ ကြီးမားစေပါတယ်။ ဒါကြောင့်လည်း ပြည်သူလူထုသို့ ပန်ကြားချက်ကို နိုင်ငံတော် သမ္မတ ရုံးက ထုတ်ပြန်ထားပါတယ်၊ နောက်တစ်ချက်က ဈေးရောင်းတဲ့ ကုန်သည်တွေ လုပ်ငန်းရှင် တွေကိုလည်း သတိပေး ပြောကြားလိုပါတယ်။ အခု ဒီ ကမ္ဘာလုံးဆိုင်ရာ ကူးစက်ရောဂါ ဖြစ်တဲ့ ကာလမှာ နိုင်ငံတိုင်း နိုင်ငံတိုင်းက နိုင်ငံတော် အစိုးရနဲ့ ကျန်တဲ့ ပုဂ္ဂလိက ကဏ္ဍ ပြည်သူလူထုတို့က ကျရာ ကဏ္ဍကနေ ပူးပေါင်း ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ရောဂါရဲ့ ကျယ်ပြန့်မှု ပမာဏကလည်း တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ တော်တော်လေး ကြီးတဲ့အတွက် ဒီအချိန်မှာ ကိုယ်ကျိုးစီးပွားအတွက် ဝိသမ လောဘစိတ်တွေနဲ့ မလုပ်ကြဖို့ ကျွန်တော်တို့ မေတ္တာရပ်ခံလိုပါတယ်” ဟု ၎င်းက ပြောကြား ခဲ့သည်။

သမ္မတအိမ်တော် ပုံမှန် သတင်းစာ ရှင်းလင်းပွဲပြုလုပ်နေစဉ် (ဆင်ဟွာ)

ထို့အပြင် ၎င်းက “မြန်မာနိုင်ငံအနေနဲ့ ဒီနေ့ နေ့လယ် ၂း၀၀ နာရီအထိ ရောဂါ ကူးစက်သူ တစ်ယောက်မှ မရှိသေးပါဘူး။ ဒါပေမယ့် COVID-19 က ကမ္ဘာမှာ ဘယ်လောက်ကြာကြာ ကူးစက် နေဦးမလဲ မသိနိုင်တာကြောင့် ကြိုတင် ပြင်ဆင်သင့်တာတွေ အားလုံး စနစ်တကျ ပြင်ဆင် ဆောင်ရွက်ဖို့ ဆွေးနွေးပြီး ဆုံးဖြတ်ချက်တွေ ချပါတယ်။ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေ၊ ပြည် ထောင်စုဝန်ကြီးဌာန တွေနဲ့ တိုင်းဒေသကြီး ပြည်နယ် အားလုံးကိုလည်း နိုင်ငံတော် သမ္မတရုံးက ညွှန်ကြားချက်တွေ ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ ပြည်သူသို့ ပန်ကြားချက်လည်း ထုတ်ပြန်ထားပါတယ်။ အထူးသဖြင့် အလေးပေး ပြောကြားလိုတာက COVID-19 နဲ့ပတ်သက်လို့ နိုင်ငံတော် အစိုးရပိုင်းက ဆောင်ရွက်စရာရှိတာတွေကို အလေးထား ဆောင်ရွက်နေပါတယ်။ ပြည်သူတွေက လည်း သတိပြုရမယ့် အချက်တွေ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်တွေအပေါ် လိုက်နာ ဆောင်ရွက် ဖို့လိုပါတယ်၊ အထူးသဖြင့် ပြောချင်တာက  အစိုးရိမ်လည်း မကြီးဖို့၊ နောက်တစ်ခုက မစိုးရိမ်ဘဲ လည်း မနေကြဖို့ ပြောကြားလိုပါတယ်” ဟုလည်း ပြောခဲ့သည်။

မြန်မာနိုင်ငံသည် ဆန်ကို အဓိက စားသုံးသည့်နိုင်ငံဖြစ်ပြီး ဆန်ကလည်း ပြည်တွင်းမှာ ဖူလုံသည့်အပြင် ပြည်ပ ကိုပါ တင်ပို့ ရောင်းချနေသည့် နိုင်ငံ ဖြစ်ကြောင်း၊ အစားအသောက် သစ်သီးဝလံ ဟင်းသီး ဟင်းရွက်များ စိုက်ပျိုး ထုတ်လုပ်ပြီး အိမ်နီးချင်းနိုင်ငံများသို့တင်ပို့ ရောင်းချနေသည့် နိုင်ငံဖြစ်ကြောင်း၊ နိုင်ငံတော် အရန်ဆန်အနေဖြင့် ဝယ်ယူ စုဆောင်းထားပြီး ဆန်တန်ချိန် တစ်သောင်းခွဲ ရှိကြောင်း၊ ထို့အပြင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် အဓိကကျသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်ေမြာင်းဝန်ကြီး ဌာန၊ မြန်မာနိုင်ငံ ဆန် စပါး လုပ်ငန်းရှင်များအသင်း၊ ဆန်စက် လုပ်ငန်းရှင်များအသင်းတို့ကိုလည်း မနက်ဖြန် အစည်းအဝေး တက်ရန် ယနေ့ ဖိတ်ထားကြောင်း၊ နိုင်ငံတော်ရှိ အရန်ဆန်နှင့် လုပ်ငန်းရှင်များ လက်ထဲရှိတဲ့ ဆန် ပမာဏများဖြင့် တစ်နိုင်ငံလုံး၏ စားသောက်မှုကို တွက်ချက်ပြီး လိုအပ်သော အစီအမံများ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ COVID-19 က ဘယ်လောက်အထိ ကြာဦးမည် မသိသောကြောင့် ရေရှည်အတွက် တွက်ချက်ပြီးရင် လိုအပ်လျှင် လိုအပ်သလို ဆန်စပါး အိတ်စပို့လုပ်ခြင်းကိုလည်း ကန့်သတ်တန်လျှင် ကန့်သတ်မှာ ဖြစ်ကြောင်းလည်း ၎င်းက ရှင်းလင်း ပြောကြားခဲ့သည်။

ထို့အပြင် ၎င်းက “သတင်းမှားတွေ Facebookမှာ Social media မှာ မဟုတ်မမှန် သတင်းတွေ ဖြန့်ဖြူးနေတဲ့ သူတွေ၊ ပြည်သူလူထုကြားမှာ အထိတ် တလန့်ဖြစ်အောင် လုပ်နေသူတွေကို သိရှိရရင် ဖော်ထုတ်လို့ရရင် ဥပဒေနဲ့ အညီ ပြင်းပြင်းထန်ထန် အရေးယူသွားမှာ ဖြစ်ကြောင်း သတိပေး ပြောကြားလိုပါတယ်။ တချို့ သတင်းမှား တင်တဲ့  website တွေ ရှိပါတယ်။ ဒီဟာတွေကိုလည်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနကနေ တာဝန်ယူပြီး ပိတ်သိမ်းဖို့ ညွှန်ကြားထားပြီး ဖြစ်ပါတယ်။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာနက service provider တွေက သက်ဆိုင်ရာ အင်တာနက်၊ တယ်လီဖုန်းစတာတွေကို ညွှန်ကြားချက် ထုတ်ပြီး ပိတ်သိမ်းမှာ ဖြစ်ပါတယ်။ ဘယ်သူတွေက လုပ်တယ် ဆိုတဲ့ အချက်အလက်တွေ တိတိကျကျ သိရရင်လည်း အရေးယူမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ တွေ ရင်ဆိုင်ရတဲ့အချိန်မှာ ယနေ့အထိ ကျွန်တော်တို့ နိုင်ငံက ရောဂါကူးစက်ခြင်းမရှိသေးပါဘူး၊ ဒီအခြေ အနေမှာ ပြည်သူလူထု အကြားမှာ အထိတ် တလန့်ဖြစ်အောင်၊ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် အလန့်တကြားဖြစ်အောင် လုပ်လာတဲ့ သူတွေ မည်သူ့ကို မဆို အရေးယူမှာ ဖြစ်ကြောင်း ပြောကြား လိုပါတယ်” ဟုလည်း ပြောကြားခဲ့သည်။

ကပ်ရောဂါကြောင့် မြန်မာနိုင်ငံ၏ နယ်ပယ် အသီးသီးမှာ သက်ရောက်နိုင်သည့် အလားအလာနှင့် ပတ်သက်၍လည်း သက်ဆိုင်ရာ ကော်မတီများ ဖွဲ့ထားကြောင်း၊ COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေး အမျိုးသားအဆင့် ကော်မတီကိုလည်း ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း၊ စီးပွားရေး သက်ရောက်မှု အပေါ် ကုစားရေး လုပ်ငန်း ကော်မတီကိုပါ ဖွဲ့စည်းထားကြောင်း၊ အဆိုပါ ကော်မတီ များအကြောင်း သမ္မတရုံး Facebook နှင့် website တွင် ကြည့်ရှုနိုင်ကြောင်း၊ ပြည်သူလူထု အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လိုအပ်တဲ့ အကြံပြုချက်တွေ အချိန်နဲ့ တစ်ပြေးညီ ထုတ်ပြန်တာတွေကို ဂရုပြုပြီး လိုက်နာကြဖို့ တိုက်တွန်းလိုကြောင်း၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့များ၊  ပြည်ထောင်စု ဝန်ကြီး ဌာနများကိုလည်း လုပ်သင့် လုပ်ထိုက်တာများ သမ္မတရုံးက ညွှန်ကြားထားပြီး ဖြစ်ကြောင်း၊ ယခုကာလ၌ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် နိုင်ငံတော် အစိုးရပိုင်းကလည်း လုပ်သင့် လုပ်ထိုက်တာတွေ ရေရှည်အတွက် မျှော်မှန်းပြီး လုပ်နေသကဲ့သို့ မီဒီယာပိုင်းကလည်း ပံ့ပိုး ကူညီ ပေးကြစေလိုကြောင်း၊ ပြည်သူလူထု အနေဖြင့် ကောလာဟလ သတင်းမှားများကို သေသေချာချာ စိစစ် ဖော်ထုတ်ပေးကြဖို့၊ အလွယ်တကူ မယုံကြည်ကြဖို့ ဥပမာ သတင်းဌာနကြီး သုံးခုလောက်က ဖော်ပြမှသာ ယုံကြဖို့ ၊ အမည်ခံ သတင်းဌာနများက ဖြန့်သည့် သတင်းမှားများကို အလွယ်တကူ မယုံကြည်ကြဖို့ တိုက်တွန်းလိုကြောင်း၊ ထိုသို့အစိုးရ၊ ပြည်သူနှင့် မီဒီယာများဘက်ကလည်း ပါဝင် ဆောင်ရွက်ပေးကြမည်ဆိုပါက COVID-19 ကို ရင်ဆိုင်ရန် အကောင်းဆုံး ကြိုတင် ပြင်ဆင်မှုများ၊ အကာအကွယ်များ ဖြစ်လာနိုင်ကြောင်း ပြောကြားခဲ့သည်။  (Xinhua)