Connect with us

Politics, Law & Military

လူ့စွမ်းအား ဖွံ့ဖြိုးမှု စာရင်းအင်းများ တိကျ ခိုင်မာဖို့ အရေးကြီးဟုဆို

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ အဖွင့်အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မတ် ၁၃ ရက် (ဆင်ဟွာ)

နိုင်ငံတော်၏ မူဝါဒများ၊ စီမံကိန်းများ ရေးဆွဲ ချမှတ်နိုင်ရန်နှင့် စီမံကိန်းများကို အကောင်အထည် ဖော်ရာတွင် စောင့်ကြည့် အကဲဖြတ်နိုင်ရန် လူ့ စွမ်းအား ဖွံ့ဖြိုးမှု အညွှန်းကိန်းများ ဖော်ထုတ် အသုံးပြုနိုင်ရေးအတွက် အခြေခံ စာရင်းအင်းများ တိကျ ခိုင်မာဖို့ အရေးကြီးကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ယနေ့ ပြောကြားခဲ့သည်။

“လူ့စွမ်းအား အညွှန်းကိန်းများ ဖော်ထုတ် အသုံးပြုရေး လုပ်ငန်း စီမံကိန်းအရ ကျွန်တော်တို့ ဝန်ကြီး ဌာနအနေနဲ့ ဦးတည် ဆက်သွယ်ရာ focal ministry အဖြစ် ဆောင်ရွက်လျက်ရှိပြီး ဝန်ကြီးဌာန ၁၇ ခုက အညွှန်းကိန်းနဲ့ သက်ဆိုင်တဲ့ ဦးစီးဌာန ၃၉ ဌာနနဲ့ အဖွဲ့အစည်း နှစ်ဖွဲ့တို့က လုပ်ငန်းအဖွဲ့ဝင် များ၊ ကျွမ်းကျင်ပညာရှင်များနဲ့စုစည်း ညှိနှိုင်း ပေါင်းစပ် အကောင်အထည်ဖော် ဆောင်ရွက်နေတာ ကြောင့် အညွှန်းကိန်းနဲ့ သက်ဆိုင်တဲ့ ဝန်ကြီးဌာန၊ ဦးစီးဌာနတိုင်းက မိမိတို့ ဌာနရဲ့ စာရင်းအင်းတွေ ကို ဂရုတစိုက် ကောက်ယူ ပြုစုကြဖို့ အရေးကြီးပါတယ်” ဟုလည်း ပြည်ထောင်စု ဝန်ကြီးက ပြောခဲ့ သည်။

လူ့စွမ်းအား ဖွံ့ဖြိုးမှု အညွှန်းကိန်းများ အသုံးပြုသူများ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

Event တွင်မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးကြစဉ် (ဆင်ဟွာ)

နေပြည်တော် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတွင် ယနေ့ ကျင်းပသည့် လူ့စွမ်းအား ဖွံ့ဖြိုးမှု အညွှန်းကိန်းများ အသုံးပြုသူများ အလုပ်ရုံဆွေးနွေးပွဲ အဖွင့် အမှာစကား၌ ပြည်ထောင်စု ဝန်ကြီးက ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်ပြီး လူ့ စွမ်းအား ဖွံ့ဖြိုးမှုအတွက် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရန် ကျွမ်းကျင်မှု လေ့ကျင့်ရေး သင်တန်း ကျောင်း များကို ရန်ကုန်၊ မန္တလေး၊ ပုသိမ်၊ စက်စဲနှင့် ဘားအံတို့တွင် ဖွင့်လှစ်ထားကြောင်း၊ မွန်ပြည် နယ်၊ ကရင်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးတို့၌ ဖွံ့ဖြိုးမှု မိတ်ဖက် အဖွဲ့အစည်းများနှင့် ကျေးလက် အခြေပြု သင်တန်းများ ပို့ချပေးလျက်ရှိကြောင်း၊ လားရှိုးမြို့နှင့် စစ်တွေမြို့တို့တွင် ပို့ချ ပေးဖို့ စီစဉ်လျက်ရှိရာ လားရှိုးတွင် စတင်နေပြီ ဖြစ်ကြောင်း၊ ထို့အတူ မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု စံ သတ်မှတ် ပြဌာန်းရေးအဖွဲ့က အလုပ်အကိုင် ၂၅ မျိုးကို အဆင့်(၁) – တစ်စိတ်တစ် ဒေသ ကျွမ်းကျင်၊ အဆင့်(၂)- ကျွမ်းကျင်အဆင့်၊ အဆင့် (၃) – အဆင့်မြင့် ကျွမ်းကျင်နှင့် အဆင့်(၄) – ကြီးကြပ်သူ ဟူ၍ ကျွမ်းကျင် အဆင့် လေးဆင့်နှင့် စစ်ဆေး အကဲဖြတ်ပေးရန် ဆောင်ရွက်လျက် ရှိကြောင်း၊အသိအမှတ်ပြုထားသည့် စစ်ဆေး အကဲဖြတ် ဌာန ၁၈၀ တို့က ကျွမ်းကျင် အဆင့် (၁) နှင့် အဆင့်(၂) တို့အတွက် စုစုပေါင်း ကျွမ်းကျင် လုပ်သား ၁၅၃၂၇ ဦးတို့ကို အသိအမှတ်ပြု လက်မှတ် များ ထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း လည်း ပြည်ထောင်စု ဝန်ကြီးက ပြောကြားခဲ့သည်။

အဆိုပါ လူ့စွမ်းအား ဖွံ့ဖြိုးမှု အညွှန်းကိန်းများ အသုံးပြုသူများ အလုပ်ရုံဆွေးနွေးပွဲကို နှစ်စဉ်ပြုလုပ် ခဲ့ရာ ယခုအခါ အကြိမ် ၂၀ ပြည့်ခဲ့ပြီး လူ့စွမ်းအား ဖွံ့ဖြိုးမှု အညွှန်းကိန်း စာအုပ် ပြုစု ထုတ်ဝေခဲ့ရာ ၂၀၁၉ အထိ ၁၉ အုပ်မြောက် ထုတ်ဝေခဲ့ပြီး ဖြစ်ကြောင်း၊ ၎င်းစာအုပ်အား စတင် ထုတ်ဝေစဉ်က အညွှန်းကိန်း ၅၅ ခုသာ ပါရှိခဲ့ရာမှ ယခုအခါ အညွှန်းကိန်း ၆၂ ခုအထိ တိုးမြှင့် ပြုစုနိုင်ခဲ့ပြီး အချက်အလက်များစွာ ထပ်မံ ဖြည့်စွက်နိုင်ခဲ့ကြောင်း၊ ယခု ထုတ်ဝေမည့် လက်စွဲ စာအုပ် (၂၀၁၈ – ၁၉) သည် အကြိမ် ၂၀ မြောက် စာအုပ် ဖြစ်ကြောင်း၊ စာအုပ်တွင် လူဦးရေ၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ လုပ်သား အင်အား၊ စားသုံးသူ ဈေးဆနှုန်းကိန်း၊ စားသောက်ကုန် ထုတ်လုပ်မှု၊ လူတစ်ဦးအတွက် စားသောက်ကုန် ရရှိမှု၊ ကျွမ်းကျင်မှု သင်တန်း၊ လူဦးရေနှင့် မော်တော်ယာဉ် အချိုး၊မွေးဖွားနှုန်း၊ သေနှုန်း၊ မြေယာ အသုံးချမှု စသည့် အညွှန်းကိန်းများနှင့် ပုဂ္ဂလိက ဆိုင်ရာ အညွှန်းကိန်းများလည်း ထည့်သွင်းထားကြောင်း၊ မတ်လ ၂၃ ရက်နေ့တွင် နောက်ဆုံး ပြင်ဆင် ဖြည့်စွက်ချက်များ ရယူပြီး ပုံနှိပ် ထုတ်ဝေမည် ဖြစ်ကြောင်း သိရသည်။  (Xinhua)