Connect with us

Politics, Law & Military

အဂတိလိုက်စားမှု ဖြစ်နိုင်ခြေများကို ပိတ်ဆို့ ထိန်းချုပ်ရန် မှာကြား

အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေးအဖွဲ့  နည်းပညာဆိုင်ရာ သင်တန်း ဖွင့်ပွဲတွင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည် အဖွင့်အမှာစကားပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဖေဖော်ဝါရီ ၅ ရက်(ဆင်ဟွာ)

အစိုးရဌာနများအတွင်း အဂတိလိုက်စားမှုများ ဆက်လက် မဖြစ်ပေါ်စေရေးအတွက် အဂတိလိုက်စားမှု ဖြစ်နိုင်ခြေ ဂယ်ပေါက်များကို စနစ်တကျ ပိတ်ဆို့ ထိန်းချုပ်ကြရန် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ယနေ့နံနက် ပြောကြားခဲ့သည်။

“ဝန်ထမ်းများကို အဂတိခိုက်စားသော ပြစ်မှု ကျူးလွန်ပြီးမှ အရေးယူရခြင်းသည် ကျူးလွန်ခဲ့သူများ၌ ကြီးမားသော ထိခိုက်နစ်နာ ဆုံးရှုံးမှုများကို ဖြစ်စေနိုင်သလို တာဝန်ရှိသူများကလည်း တာဝန်ယူမှု အားနည်းချက် ရှိခြင်း၊ တစ်နည်းအားဖြင့် တာဝန်မကင်းဟု မှတ်ယူနိုင်ပါတယ်၊ ဒါကြောင့် အဂတိ လိုက်စားသော ပြစ်မှု လုံး၀ မကျူးလွန်မိစေရန် ဌာနများ၌အဂတိလိုက်စားမှု ပြသနာ ပေါ်ပေါက်နိုင် သော အခြေအနေများကို ကြိုတင် စိစစ်ဖော်ထုတ်ရန်၊ တွေ့ရှိလာသော ပြသနာကို သက်ဆိုင်ရာ ဥပဒေ၊ လုပ်ထုံး လုပ်နည်းနှင့်အညီ ဖြေရှင်းရန်၊ သို့ မဟုတ် အရေးယူ ဆောင်ရွက်ဖို့ လိုအပ်ပါတယ်” ဟု နေပြည်တော် Kempinski Hotel တွင် ယနေ့ နံနက် ပြုလုပ်သော အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေးအဖွဲ့ နည်းပညာဆိုင်ရာ သင်တန်း ဖွင့်ပွဲ၌ ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။

UNDP Country Director Ms. Dawn Del Rio အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

အမှတ်တရ စုပေါင်း ဓာတ်ပုံ ရိုက်ကူးကြစဉ် (ဆင်ဟွာ)

အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေးအဖွဲ့ နည်းပညာဆိုင်ရာ သင်တန်း ဖွင့်ပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေးအဖွဲ့(CPU:- Corruption Prevention Unit) များကို ဖွဲ့စည်းရခြင်းသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၁၆ (ဋ)နှင့်အညီ ဖြစ်သည့်အပြင် အစိုးရဌာနများ အတွင်း အဂတိလိုက်စားမှုများ ဆက်လက် မဖြစ်ပေါ်စေရေးအတွက် အဂတိလိုက်စားမှု ဖြစ်နိုင်ခြေ ဂယ်ပေါက်များ ရှိ မရှိ ဆန်းစစ်အကဲဖြတ်ချက် (Corruption Risk Assessment) ပြုလုပ်ပြီး ထိုဂယ်ပေါက်များကို စနစ်တကျ ပိတ်ဆို့ ထိန်းချုပ်ခြင်းဖြင့် အနာဂတ်ကာလ တွင်ပါ အဂတိလိုက်စားမှု များ ဆက်လက် မဖြစ်ပေါ်စေရေးအတွက် တားမြစ်သွားနိုင်ရန် ရည်ရွယ်ချက် ဖြင့် ဖွဲ့စည်းရခြင်းဖြစ် ကြောင်းလည်း ကော်မရှင် ဥက္ကဋ္ဌက ပြောခဲ့သည်။

ကော်မရှင်သည် အဆိုပါ CPU များဖြင့် ဝန်ထမ်းများအတွင်း အဂတိ ကင်းရှင်းစေရန် ရည်ရွယ်ထား သကဲ့သို့တစ်ဘက်တွင်လည်း ဌာနဆိုင်ရာများနှင့် ပြည်သူလူထုအကြား အောက်ခြေအဆင့်တွင် ဖြစ်ပွားနေသော အသေးစား အဂတိ လိုက်စားမှု (Petty Corruption)အများအပြားကို တစ်ချိန်တည်း ဟန်ချက်ညီညီ တိုက်ဖျက်နိုင်ရန် ရည်ရွယ်ထားကြောင်း၊ အကြီးစား အဂတိ လိုက်စားမှုများ (Grand Corruption)၏ ပင်ရင်း ဗဟိုချက်တစ်ခု ဖြစ်သော နိုင်ငံတော်၏ ဝယ်ယူရေး လုပ်ငန်းများ အပါအဝင် ဖြစ်သည့် တင်ဒါလုပ်ငန်းစဉ်များတွင် အဂတိလိုက်စားမှု မဖြစ်ပွားရေး အတွက် ထိရောက်စွာ တားဆီး ကာကွယ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်းလည်း ၎င်းက ပြောခဲ့သည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်နှင့် UNDP တို့ ပူးပေါင်း ပြုလုပ်သည့် အဆိုပါ အဂတိ လိုက်စားမှု တားဆီး ကာကွယ်ရေးအဖွဲ့ နည်းပညာဆိုင်ရာ သင်တန်းကို ဖေဖော်ဝါရီ ၅ ရက်မှ ၇ ရက် နေ့အထိကျင်းပမည် ဖြစ်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာန ၁၄ ခုတို့မှ သင်တန်းသား ၁၃၀ ကျော်တို့ တက်ရောက်ကြကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.