Connect with us

Politics, Law & Military

အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အတွင်းရှိနေသော်လည်း အကြောင်းအမျိုးမျိုးကြောင့် မဲရုံသို့ ကိုယ်တိုင်လာရောက် ဆန္ဒမဲမပေးနိုင်သူများနိုဝင်ဘာ ၆ ရက်မှ ၇ ရက်နေ့များတွင် ကြိုတင်ဆန္ဒမဲပေးနိုင်

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင်ဆန္ဒမဲပေးရန် မဲလက်မှတ်ထုတ်ယူနေသူတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အတွင်း ရှိနေသော်လည်း အကြောင်းအမျိုးမျိုးကြောင့် မဲရုံသို့ကိုယ်တိုင်လာရောက် ဆန္ဒမဲမပေးနိုင်သူများသည် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများတွင် နိုဝင်ဘာ ၆ ရက်နှင့် ၇ ရက်နေ့များတွင် ကြိုတင်ဆန္ဒမဲပေးကြရမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်မှ အောက်တိုဘာ ၂၄ ရက်ညပိုင်းတွင်အသိပေးကြေညာချက်ထုတ်ပြန်ခဲ့သည်။

ထို့အတူ ခရီးအလှမ်းဝေးကွာသော ဒေသများရှိ မဲဆန္ဒနယ်အတွင်း ဆေးရုံတက်ရောက်နေရသူများ၊ အချုပ်ခံနေရသူများနှင့် ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မိမိအမည်စာရင်းပါရှိသော မဲဆန္ဒနယ်မှ ကျော်လွန်၍ နိုင်ငံတော်တာဝန်များဖြင့် ခရီးသွားလာရန်ရှိသော ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများသည် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများတွင် အောက်တိုဘာ ၂၉ ရက်နေ့မှ နိုဝင်ဘာ ၇ ရက်နေ့အထိ ကြိုတင်ဆန္ဒမဲပေးကြရမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါရက်၌ကြိုတင်ဆန္ဒမဲပေးနိုင်သူများတွင် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး/ပြည်နယ်အဆင့်အဖွဲ့အစည်းဝင်များ၊ တိုင်းဒေသကြီး/ပြည်နယ်နှင့် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ နှင့် ရွေးကောက်ပွဲတာဝန်ထမ်းဆောင်ရန် ကြိုတင်ဆန္ဒမဲပေးရန် အမှန်တကယ်လိုအပ်သူများသာ ပါဝင်ကြောင်း သိရသည်။

ယခုကာလတွင် COVID-19 ရောဂါကူးစက်ဖြစ်ပွားနေမှု အခြေအနေများအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က အထူးကိစ္စရပ်များအနေဖြင့် ကြေညာချက် ထုတ်ပြန်၍ ကြိုတင်ဆန္ဒမဲပေးခွင့်ပြုထားသူများသည် အောက်တိုဘာ၂၅ ရက် မှ နိုဝင်ဘာ ၇ ရက်အတွင်း သက်ဆိုင်ရာ မြို့နယ်နှင့် ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများက သတ်မှတ်ထားသည့် နေ့ရက်၊ အချိန်နှင့် နေရာအတိုင်း ကြိုတင်ဆန္ဒမဲများ ပေးကြရမည်ဖြစ်ကြောင်း သိရသည်။

ကြိုတင်ဆန္ဒမဲပေးခြင်းများကို လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက်ပွဲကိုယ်စားလှယ်များ၊ မဲရုံကိုယ်စားလှယ်များ၊ အကူကိုယ်စားလှယ်များ၊ ပြည်တွင်း/ပြည်ပရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့များနှင့် မီဒီယာများအနေဖြင့် သက်ဆိုင်ရာမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ့များနှင့် ဆက်သွယ်၍ COVID-19 ရောဂါကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ မဲဆန္ဒရှင် ၏ လျှို့ဝှက် ဆန္ဒပြုခြင်းကို မထိခိုက်စေဘဲ လိုက်ပါကြည့်ရှုနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ၏ အသိပေးကြေညာချက်တွင်ပါရှိသည်။

ထို့ပြင် မဲဆွယ်စည်းရုံးရေးဆောင်ရွက်ရာ၌ နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် သတ်မှတ်လူဦးရေထက် ကျော်လွန်ဆောင်ရွက်ခြင်း၊ Social Distancing Rule ကို လိုက်နာရန်လိုအပ်ခြင်း၊ ဝန်းရံသူပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်မှု အားနည်းခြင်းများကိုတွေ့ရှိရကြောင်း၊ ယခုကာလသည် ရွေးကောက်ပွဲကျင်းပရန် ၁၅ ရက်သာ ကျန်ရှိပြီး မဲဆွယ်စည်းရုံးခွင့်ကာလပြီးဆုံးရန် ၁၃ ရက်ခန့်သာ ကျန်ရှိကြောင်း၊ ထို့ကြောင့် ကျန်ရှိနေသည့်မဲဆွယ်စည်းရုံးရေးကာလအတွင်း နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ နှင့်အညီ လိုက်နာဆောင်ရွက်ရန်၊ ပါတီဝင်များ၊ ဝန်းရံသူပြည်သူများလည်း အဆိုပါ ညွှန်ကြားချက်များ၊ သက်ဆိုင်ရာက အချိန်ကာလ/နေရာဒေသအလိုက်ထုတ်ပြန်သည့် ညွှန်ကြားချက်များနှင့်အညီ အလေးထားလိုက်နာဆောင်ရွက်စေရေး ကြီးကြပ်သွားရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် မဲဆန္ဒရှင် ပြည်သူများသို့ မေတ္တာရပ်ခံချက်ကို အောက်တိုဘာ ၂၄ ရက် တွင်ထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.