Connect with us

Politics, Law & Military

အနိမ့်ဆုံးလစာ သတ်မှတ်ရေး ဆုံးဖြတ်ချက် ဇွန်လအတွင်း ချမှတ် ပြဋ္ဌာန်းမည်ဟု သမ္မတ ဆို

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၂ ရက် (ဆင်ဟွာ)

အလုပ်သမားများ အခြေခံ အနိမ့်ဆုံးလစာ သတ်မှတ်ပေးရေး ဆုံးဖြတ်ချက်ကို ဇွန်လအတွင်း ချမှတ် ပြဋ္ဌာန်း သတ်မှတ်နိုင်ရန် ဆောင်ရွက် အကောင်အထည် ဖော်မည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ဇွန်လ ၂ ရက်နေ့ ရေဒီယို မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

အနိမ့်ဆုံး လုပ်ခလစာနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ သတင်းအချက်အလက်များကို စက်ရုံ၊ အလုပ်ရုံများမှ လုပ်ကိုင်နေကြသည့် အလုပ်သမားများဆီကို အလုပ်သမားအဖွဲ့အစည်းများက သွားရောက် ဖြန့်ဖြူးခြင်း၊ အလုပ်သမားများ ထံကနေ သဘောထား ဆန္ဒများ မေးမြန်း ဆွေးနွေးခြင်းများမှ ရရှိလာမည့် အချက်အလက်များ ကိုစုစည်းပြီး အနိမ့်ဆုံး လုပ်ခ လစာ သတ်မှတ်ရေး နှင့် စပ်လျဉ်းသည့် အမျိုးသားအဆင့် ကော်မတီ ဆွေးနွေးပွဲများ မကြာခင် ကျင်းပရန် ရှိကြောင်း သမ္မတက ဆိုသည်။

အဆိုပါ ဆွေးနွေးပွဲများ ဆောင်ရွက် ပြီးစီးသည့်အခါ အနိမ့်ဆုံး လုပ်ခလစာနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်များကို ဇွန်လအတွင်း ချမှတ် ပြဋ္ဌာန်းသတ်မှတ် ဆောင်ရွက် အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း မိန့်ခွန်းတွင်း ထည့်သွင်းပြောကြားသည်။ပြည်တွင်း ငြိမ်းချမ်းရေး၊ လူမှု စီးပွား ဘဝဖွံ့ဖြိုး တိုးတက်မှု စသည်တို့ဖြင့် ဟန်ချက်ညီမည့် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများကိုလည်း ပြုလုပ်သွားမည် ဖြစ်ကြောင်း သမ္မတက ဆိုသည်။

အခြေခံ လုပ်ခလစာ တစ်နေ့ ကျပ် ၅,၆၀၀ သတ်မှတ်ပေးရေး အတွက် အလုပ်သမားများ ဆန္ဒပြ တောင်းဆိုမှုများကို မဖြေရှင်းနိုင်ပါက သို့မဟုတ် လျော့နည်းသွားအောင် မလုပ်ဆောင်နိုင်ပါက နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုကို အဟန့်အတား ဖြစ်စေနိုင်မည့် အပြင် တိုင်းရင်းသား လုပ်ငန်းရှင်များ လုပ်ငန်းတိုးချဲ့ ဆောင်ရွက်မည့် အစီအစဉ်လည်း နှောင့်နှေးသွား နိုင်မည်ဖြစ်ကြောင်း၊ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုး တိုးတက်လျက် ရှိသည့် နိုင်ငံတော်၏ စီးပွားရေး အပေါ်၌လည်း မလိုလားအပ်သည့် သက်ရောက်မှုများ ကျရောက်လာနိုင်မည့် အခြေအနေကိုလည်း သတိပြုရန် လိုအပ်ကြောင်း မေလ ၂ ရက်နေ့ အလုပ်သမားနေ့ မိန့်ခွန်းတွင် သမ္မတ ဦးသိန်းစိန်က ထည့်သွင်း ပြောကြားခဲ့သည်။

မေလ ၁ ရက်နေ့ အလုပ်သမားနေ့တွင် အခြေခံလုပ်ခလစာ တစ်ရက် ၅,၆၀၀ ရရှိရေးအတွက် အလုပ်သမား ၂၀၀ ခန့်က ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ကွင်းမှ ကျိုက္ကဆံ လူထု ဟစ်တိုင်သို့ ချီတက် ဆန္ဒပြခဲ့သည်။

အနည်းဆုံး အခကြေးငွေ သတ်မှတ်နိုင်ရေးအတွက် တိုင်းနှင့် ပြည်နယ် ၁၅ ခု ၏ မြို့နယ် ၁၀၈ မြို့နယ်၊ အိမ်ထောင်စုပေါင်း ၂၂,၀၃၂ ကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၂၆ ရက် မှ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ အထိ စစ်တမ်းကောက်ယူ ခဲ့ရာတွင် ၃,၀၀၀ မှ ၄,၀၀၀ ကျပ် အဆိုပြုမှု ၁၇ ကြိမ် အများဆုံး၊ ၅,၀၀၀ ကျပ် အဆိုပြုမှု ၁၅ ကြိမ် ဒုတိယ အများဆုံးနှင့် ၂,၅၀၀ ကျပ် အဆိုပြုမှု ၁၀ ကြိမ် တတိယ အများဆုံး အဖြစ် ရရှိခဲ့သည်ဟု အခကြေးငွေ သတ်မှတ်ရေး အမျိုးသားကော်မတီ၏ အချက်အလက်များကို နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြခဲ့သည်။ ( Xinhua)