Connect with us

Politics, Law & Military

လှေစီးဒုက္ခသည်များ၏ လုံခြုံရေးကို အမြန်ဆုံး ဆောင်ရွက်သင့်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ကြေညာချက် ထုတ်ပြန်


ရန်ကုန်၊ ဇွန် ၁ ရက် (ဆင်ဟွာ)

လွန်ခဲ့သော ရက်သတ္တပတ်များအတွင်း လှေစီးဒုက္ခသည်များ ပါဝင်သော ရေယာဉ်များ ဆက်တိုက် ရှာဖွေတွေ့ရှိခဲ့ရာ စုစုပေါင်း လူဦးရေမှာ သောင်း ဂဏန်းကျော်မျှ ရှိနိုင်ပြီး ပထမဦးစွာ ထိုလှေစီး ဒုက္ခသည်များ၏ လုံခြုံရေးနှင့် သက်တောင့် သက်သာ နေနိုင်ရေး အတွက် အမြန်ဆုံး ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ယနေ့ နေ့စွဲဖြင့် သဘောထား ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ကြေညာချက်ထဲတွင် ပြီးခဲ့သော ရက်သတ္တပတ်များတွင် မြန်မာ့ ပင်လယ်ပြင်၌ လည်းကောင်း၊ အာဆီယံနိုင်ငံအချို့၏ ပင်လယ်ပြင်၌ လည်းကောင်း လှေစီး ဒုက္ခသည်များ ပါသောရေယာဉ်များကို အကြိမ်ကြိမ် ဖမ်းမိခဲ့သည်ကို သိရှိရကြောင်း လှေစီးဒုက္ခသည် အများစုမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဖြစ်သော်လည်း မြန်မာနိုင်ငံမှလည်း ပါဝင်သည်ဟု သတင်းများအရ သိရှိရကြောင်း ၊ ၎င်းတို့ ကြုံတွေ့ခဲ့ရသော အစားဆင်းရဲခြင်း ဒုက္ခနှင့် အနေဆင်းရဲခြင်း ဒုက္ခများအပြင် ကျန်းမာရေး ချို့တဲ့မှုဖြစ်ရပ် များကိုပါ ကြားသိခဲ့ရပြီး အဆိုးရွားဆုံး အချက်မှာ အချို့သော ဒုက္ခသည်များသည် အသက်ပင် ဆုံးရှုံးခဲ့သည်အထိ ဒုက္ခ ရောက်ခဲ့ရ သည်ကို ကြားသိရကြောင်းပါရှိသည်။

၎င်းတို့ လတ်တလော ရင်ဆိုင်နေရသော ပြဿနာများကို နိုင်ငံတကာ အကူအညီများ ရယူ၍ ကူညီဖြေရှင်း ပေးရမည် ဖြစ်ကြောင်း၊ ၎င်းတို့သည် မည်သည့် နိုင်ငံမှ ဖြစ်သည်ကိုလည်း သေချာစွာ စီစစ် အတည်ပြုရမည်ဖြစ်ကြောင်းနှင့် လှေစီး ဒုက္ခသည်များ ကိစ္စသည် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော ဒေသများတွင် လွန်ခဲ့သော သုံး၊လေးနှစ်ခန့်မှစ၍ ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများနှင့် ဆက်စပ်မှုရှိသည်ဟု ရှုမြင် ကြကြောင်း ဆိုသည့် အချက်ကိုလည်း ကြေညာချက်ထဲတွင် ထည့်သွင်း ဖော်ပြထားသည်။

တစ်ကမ္ဘာလုံးက စိုးရိမ် ပူပန်နေကြသည့် လူကုန်ကူးခြင်း ပြဿနာ (Human Trafficking) ကိုလည်း ထိရောက်စွာ ကိုင်တွယ်ရမည်ဖြစ်ပြီး ဤကိစ္စနှင့် ပတ်သက်၍ နိုင်ငံတကာ အသိုက်အဝန်းက ဝိုင်းဝန်း ကူညီဖြေရှင်း သင့်ကြောင်း ၊အချိန်ဆွဲလေ ပြဿနာကြီးလေ ဖြစ်မည်ကို အထူး သတိပြုကြစေလိုကြောင်း ကြေညာချက်ထဲတွင် ပါရှိသည်။

ဖျာပုံမြို့နယ် ဓမင်းဆိပ် ကျေးရွာ အရှေ့ဘက် ရေမိုင် (၃၀) ခန့်အကွာရှိ လှေစီးဒုက္ခသည် (ဓာတ်ပုံ- ပြန်ကြားရေး ဝန်ကြီးဌာန ဝက်ဘ်ဆိုဒ်)

ရခိုင်ပြည်နယ်တွင်း လူမှုရေး ပဋိပက္ခများကို ဖြေရှင်းရာ၌ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ တရားဥပဒေ စိုးမိုးရေး နှင့် ပဋိပက္ခမီးများကို တောက်လောင်စေသည့် အပြောအဆို၊ အပြုအမူများ ရှောင်ကြဉ်ရေးတို့ကို အခြေခံ အလေးထားရမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနှင့် လည်းကောင်း၊ အဖွဲ့ချုပ် ဥက္ကဋ္ဌ အနေနှင့်လည်းကောင်း မကြာခဏ ထုတ်ဖော် ပြောကြားခဲ့ ကြောင်းလည်း ဖော်ပြထားသည်။

ရခိုင်ပြည်နယ်ရှိ ပြဿနာများနှင့်ပတ်သက်၍ ပြောဆိုမှုများ၊ ကြေညာချက်များ အမျိုးမျိုး ထုတ်ပြန်ခဲ့ကြသော်လည်း ထိုမျှနှင့် မလုံလောက်ကြောင်း၊ ထိရောက်သော လုပ်ငန်းရပ်များကို ဘက်စုံအမြင်ဖြင့် ညင်သာစွာ ကိုင်တွယ် ဖြေရှင်းရမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။ ရခိုင်ပြည်နယ်အတွင်း လူမျိုးရေး ပဋိပက္ခများ ပြေငြိမ်းစေရန် နှင့် လှေစီးဒုက္ခသည်များ ထပ်မံ မပေါ်ပေါက်လာစေရန် အတွက် တရားဥပဒေ စိုးမိုးရေး၊ နယ်စပ်လုံခြုံရေး၊ နယ်စပ်ဒေသနှင့် သက်ဆိုင်သော အာဏာပိုင်များ အဂတိ လိုက်စားမှု ကင်းရှင်းရေး၊ လူသားချင်း စာနာသော အကူအညီ အထောက်အပံ့များ လိုအပ်သူများထံ လျင်မြန်ပြည့်ဝစွာ ရောက်ရှိစေရေး၊ ဒုက္ခသည်စခန်းတွင်း နေထိုင်သူများ အမြန်ဆုံး ပြန်လည် နေရာချထားရေး၊
ဒေသတွင်း နေထိုင်သူများ၏ လူမှု စီးပွားအခြေအနေ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံသား ဖြစ်မှုဆိုင်ရာ ကိစ္စရပ်များကို တရားမျှတ ပွင့်လင်းစွာ အမြန်ဆုံး ဆောင်ရွက်ရေး အစရှိသည့် အချက်များအား အလေးထား ဆောင်ရွက်ရန် လိုအပ်ကြောင်း ကြေညာချက်ထဲတွင်ပါရှိသည်။

ထို့အပြင် လူကုန်ကူးမှု ပြဿနာများ ပပျောက်သွားစေရန် လည်းကောင်း ၊ ရခိုင်ပြည်နယ်အတွင်း လူမှုရေး ပဋိက္ခများ ငြိမ်းအေးစေရန် လည်းကောင်း ဆောင်ရွက်ရာ၌ လူ့အခွင့်အရေး၊ ဒီမိုကရေစီ အခွင့်အရေးနှင့် ရေရှည် လိုအပ်ချက်ဖြစ်သော ငြိမ်းချမ်းစွာ အားလုံးနေထိုင်နိုင်ရေး ရည်မှန်းချက်များကို အစဉ်တစိုက် သတိပြုသွားရန်နှင့် သက်ဆိုင်ရာ ဒေသတွင်း အစိုးရများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ ပြည်တွင်း အင်အားစုများ အားလုံး ပူးပေါင်း ဆောင်ရွက်ကြရန်လည်း တိုက်တွန်းထားသည်။ (Xinhua)