Connect with us

Politics, Law & Military

၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအတွက် ပြည်ပမှ ကြိုတင်မဲ ရရှိမှုသည် ၂၀၁၅ ရွေးကောက်ပွဲ ထက် သုံးဆခန့်မြင့်မားဟု ဆို

နိုင်ငံတော် သမ္မတရုံးပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေး ဖြေကြားနေစဉ်( ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ) ရေးသားသူ/စိုးသန်းလင်း

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ရက်တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အတွက် ပြည်ပရောက် မြန်မာနိုင်ငံသားများက သက်ဆိုင်ရာ သံရုံးများတွင် ကြိုတင်မဲပေးနိုင်ရန် အောက်တိုဘာလ ၁ ရက်မှ စတင် ဆောင်ရွက်ခဲ့ရာ ကြိုတင်မဲ ပေးသူဦးရေသည် ယခင်၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ထက် သုံးဆ မြင့်တက်လာသည်ကို တွေ့ရကြောင်း သမ္မတအိမ်တော် ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးက ယနေ့ ညနေပိုင်း အထူးသတင်းစာ ရှင်းပွဲတွင် ပြောကြားခဲ့သည်။

“ပြည်တွင်းမှာလည်း ကြိုတင်မဲ အမျိုးမျိုးဖြင့် ပြည်သူများ တက်တက်ကြွကြွ စိတ်အား ထက်သန်စွာ မဲပေးလျက် ရှိတာ တွေ့ရပါတယ်၊ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲဟာ အောက်တိုဘာ ၁ ရက်နေ့က တည်း က စတင်ခဲ့တယ်လို့တောင် ပြောနိုင်ပါတယ်”ဟုလည်း ၎င်းက ပြောခဲ့သည်။

သမ္မတအိမ်တော် အထူးသတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဆင်ဟွာ)

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အား ရွေးကောက်ပွဲ ရွှေ့ဆိုင်းပေးရန် ပြောဆိုခြင်း၊ ထုတ်ပြန် ခြင်း၊ တိုက်တွန်းခြင်း၊ တောင်းဆိုခြင်းများ ရှိခဲ့ကြောင်း၊ Election process အရ ရွေးကောက်ပွဲအပြီး တတိယ အကြိမ် လွှတ်တော်များ စတင်ရန် ကြားကာလ အချိန်သည် နှစ်လခွဲရှိနေသည့်အတွက် ရွေးကောက်ပွဲရက်ကို ရွှေ့ဆိုင်းရန် ကော်မရှင်အနေဖြင့် အင်မတန် ခက်ခဲသည်ကို တွေ့နိုင်ကြောင်း၊ ကော်မရှင်အနေဖြင့် COVID-ကာကွယ် ထိန်းချုပ် ကုသရေး အခြေအနေများကိုလည်း ထည့်သွင်းပြီး ခြုံငုံသုံးသပ်ခဲ့ရကြောင်း၊ COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုများ စတင်ခဲ့သည့် ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းမှ စပြီး နိုဝင်ဘာ ၁ ရက်နေ့အထိ ကမ္ဘာတစ်ဝှမ်း အနည်းဆုံး နိုင်ငံပေါင်း ၈၀ တွင် လူထုဆန္ဒ ခံယူပွဲများ ရွေးကောက်ပွဲများ ကျင်ပရန် လျာထား ဆုံးဖြတ်ခဲ့ကြောင်း၊ ၎င်းတို့အနက် ၆၂ နိုင်ငံသည် မူလ လျာထား ဆုံးဖြတ်ထားသည့်အတိုင်း ကျင်းပခဲ့သည်ကိုတွေ့ရကြောင်း၊ ကပ်ရောဂါ ကြောင့် ရွှေ့ဆိုင်းခဲ့သည့်် ၂၂ နိုင်ငံသည်လည်း ပြန်လည် ကျင်းပခဲ့သည်ကို တွေ့ရကြောင်း၊ မြန်မာနိုင်ငံသည်လည်း ကပ်ရောဂါ ကူးစက်မှု ပြည်တွင်းအခြေအနေများကို ထည့်သွင်း စဉ်းစား ခဲ့ရကြောင်း၊ ဇွန်လ ၃၀ ရက်နေ့အထိ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် COVID-19 ရောဂါပိုး ကူးစက် ခံရသူ ၂၃၉ ဦး၊ သေဆုံးသူ ခြောက်ဦး ရှိခဲ့ကြောင်း၊ ရွေးကောက်ပွဲကော်မရှင်သည် နိုဝင်ဘာ ၈ ရက် နေ့တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု ဇူလိုင်လ ၁ ရက်နေ့၌ ကြေညာခဲ့ကြောင်း၊ ရွေးကောက်ပွဲတွင် ပြည်သူများ လုံခြုံ စိတ်ချစွာ မဲပေးနိုင်ရန် အစိုးရအနေဖြင့် နည်းလမ်း အမျိုးမျိုး စဉ်းစား ကြံဆခဲ့ ကြောင်း၊ စိုးရိမ်ပူပန်မှုများ မရှိစေရန် အထူးတလည် ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ရွေးကောက်ပွဲတွင် COVID-19 ကာကွယ် ထိန်းချုပ်ရေးအတွက် အကောင်းဆုံး ပြင်ဆင်မှုများကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဦးဆောင်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို ပံ့ပိုး ကူညီ ဖြည့်ဆည်းမှုများ ဆောင်ရွက်ပေးနိုင်ရန် ကြိုးပမ်းခဲ့ကြောင်းလည်း ၎င်းက ရှင်းလင်း ပြောကြားခဲ့သည်။

“ပထမ အချက်အနေနဲ့ COVID-19 နဲ့ ပတ်သက်တဲ့ အသက်အရွယ် ကြီးရင့်တဲ့ လူကြီးသူမတွေ ကြိုတင် မဲပေးနိုင်ရေးအတွက်ဥပဒေ၊ နည်းဥပဒေတွေနဲ့ ဆောင်ရွက်ခဲ့ပါတယ်။ ဒုတိယ အချက် အနေဖြင့် COVID – 19 stay home သတ်မှတ်ချက်များအရ ခရီးသွားလာဖို့အခက်အခဲ ဖြစ်နေတဲ့ မဲဆန္ဒနယ် ပြင်ပရောက် ပြည်သူများအတွက် မဲပေးနိုင်ခွင့်ကို ဥပဒေ နည်းဥပဒေများဖြင့် ဆောင်ရွက် ခဲ့ပါတယ်၊ တတိယ အချက်အနေဖြင့် COVID-19 ကြောင့် ဆေးရုံတက်နေရသူတွေ Quarantine ဝင်နေရသူတွေ မဲပေးနိုင်စေရန် ကျန်းမာရေး ဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီး ဆောင်ရွက်ခဲ့ပါတယ်၊ စတုတ္ထအချက်အနေဖြင့် နိုဝင်ဘာလ ၈ ရက်တွင် လုံခြုံစိတ်ချစွာ မဲပေးနိုင်ရန် မဲရုံများအား တိုးချဲ့ လုပ်ဆောင်ခဲ့ပါတယ်၊ ဒီလို တိုးချဲ့လိုက်သဖြင့်် တစ်နိုင်ငံလုံးတွင် ၂၀၁၅ ရွေးကောက်ပွဲ၌ မဲရုံပေါင်း ၄၀၂၃၃ ရုံ ရှိခဲ့ရာမှ ယခု ၂၀၂၀ ပြည့်နှစ်တွင် မဲရုံ ၄၂၀၄၇ ရုံရှိလာပါတယ်၊ ရွေးကောက်ပွဲ ရွှေ့ဆိုင်း လိုက်တဲ့ နယ်မြေဒေသတွေက ၂၀၁၅ ထက် တိုးလာသော်လည်း မဲရုံ အရေအတွက်က လျော့ကျ မသွားဘဲ ၂၀၁၅ ကထက် ထက် ၁၈၁၄ ရုံ တိုးလာခဲ့ပါတယ်၊ ပဉ္စမ အချက်အနေနဲ့ ယာယီမဲရုံတွေ မှာလည်း COVID-19 ဆိုင်ရာ လမ်းညွှန်မှုများနှင့် အညီ လက်တွေ့ကျကျ မဲပေးမှုများ ဆောင်ရွက်ခဲ့ပါ တယ်၊ ဒီလို ဆောင်ရွက်ရာမှ ရရှိလာတဲ့ လိုအပ်ချက်များအရ မဲရုံများမှာ အသုံးပြုရမည့် ကာကွယ်ရေး ပစ္စည်းတွေကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ မှာယူခဲ့ပါတယ်” ဟုလည်း ၎င်းက ရှင်းလင်း ပြောကြား ခဲ့သည်။

ထိုသို့ မှာယူခဲ့သည့် COVID – 19 ကာကွယ်ရေးပစ္စည်းများသည် စုစုပေါင်း တန်ဖိုး ယူရိုငွေ ၂၃ ဒသမ ၂၆ သန်း ကုန်ကျခဲ့ကြောင်း၊ သယ်ယူ ပို့ဆောင်ခများအဖြစ် ယူရို ၁ ဒသမ ၁၆ သန်း၊ စုစုပေါင်း ယူရို ၃၀ ဒသမ ၄၂ သန်းဖိုးရှိကြောင်း၊ အဆိုပါ ပစ္စည်းများအား ရန်ကုန် လေဆိပ်နှင့် မန္တလေး လေဆိပ် တို့တွင် လက်ခံရယူပြီး တိုင်းဒေသကြီး ပြည်နယ် အလိုက် ဖြန့်ဖြူးပေးလျက်ရှိရာ နိုဝင်ဘာ ၅ ရက် နေ့တွင် နောက်ဆုံး အခေါက် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ၎င်းက ဒီမိုကရေစီအသွင် ကူးပြောင်းရေးတွင် ရွေးကောက်ပွဲများသည် အလွန် အရေးကြီး ကြောင်း၊ ပြည်သူများအနေဖြင့် မိမိတို့ကြိုက်နှစ်သက်သူကို မဲပေးနိုင်ရန် ဆယ်စုနှစ်နှင့် ချီပြီး စောင့်ဆိုင်းခဲ့ရခြင်း ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကို တန်ဖိုးထားရမည် ဖြစ်ကြောင်း ၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်ရေးသည် လက်ရှိ နိုင်ငံတော် အစိုးရ၏ ဦးစားပေးမူဝါဒဖြစ် ကြောင်း၊ လွတ်လပ်ပြီး တရားမျှတသည့် ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ဖြစ်မြောက်ရေးအတွက် တစ်နိုင်ငံလုံး ဝိုင်းဝန်း ဆောင်ရွက်ရမည့် အချိန်လည်း ဖြစ်ကြောင်းလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.