Connect with us

Politics, Law & Military

မန္တလေးတိုင်းဒေသကြီး အရိုးအထူးကုဆေးရုံကြီး(ခုတင်-၅၀၀) မှ ဆေးရုံအုပ်ကြီး နှင့်ဌာနခွဲစာရေးတို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ်အရေးယူ

မန္တလေးတိုင်းဒေသကြီး အရိုးအထူးကုဆေးရုံကြီး(ခုတင်-၅၀၀)အားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး အရိုးအထူးကုဆေးရုံကြီး(ခုတင်-၅၀၀) မှ ဆေးရုံအုပ်ကြီး ဒေါက်တာကြည်လွင် နှင့် ဌာနခွဲစာရေး ဦးအောင်ကျော်ဦး(ယခု ဦးစီးအရာရှိ (အုပ်ချုပ်/စီမံ)၊ မန္တလေးတိုင်းဒေသကြီး ကုသရေးဦးစီးဌာန) တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူခဲ့ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ယနေ့သတင်းထုတ်ပြန်သည်။ 

မန္တလေးမြို့ အရိုးအထူးကုဆေးရုံကြီး(ကုတင် ၅၀၀)မှ ဆေးရုံအုပ်ကြီး ဦးကြည်လွင် နှင့်အဖွဲ့သည် ရာထူးတာဝန်များကို အလွဲသုံးစားပြု၍ ဆေးရုံအတွင်း လုပ်ကိုင်လျက်ရှိသည့် တင်ဒါလုပ်ငန်းရှင်များထံမှ အမြတ်ထုတ် ကိုယ်ကျိုးစီးပွားရှာနေခြင်းအား အရေးယူပေးပါရန် ဤကော်မရှင်သို့ တိုင်ကြားခဲ့ကြောင်း သိရသည်။ 

တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ အရိုးအထူးကုဆေးရုံကြီး (ခုတင်-၅၀၀)၊ မန္တလေးမှ ဆေးရုံအုပ်ကြီး ဒေါက်တာကြည်လွင် သည် အရိုးအထူးကုဆေးရုံဝင်းအတွင်း ယာဉ်ရပ်နားခ ကောက်ခံရေး လုပ်ငန်း တင်ဒါခေါ်ယူခြင်းနှင့် စပ်လျဉ်း၍ တင်ဒါရရှိအောင် ဆောင်ရွက်ပေးမည်ဟုဆိုကာ ၂၀၁၇-၂၀၁၈ ခုနှစ်နှင့် ၂၀၁၈-၂၀၁၉ ခုနှစ် တင်ဒါရရှိရေးအတွက် လုပ်ငန်းရှင် နှစ်ဦးထံမှ ငွေကျပ် သိန်း(၃၀)စီ စုစုပေါင်း ငွေကျပ် သိန်း(၆၀)ကိုလည်းကောင်း၊ ၂၀၁၉-၂၀၂၀ ခုနှစ်နှင့် ၂၀၂၀-၂၀၂၁ ခုနှစ် တင်ဒါရရှိရေးအတွက် လုပ်ငန်းရှင် နှစ်ဦးထံမှ ငွေကျပ် သိန်း(၄၀)စီ စုစုပေါင်း ငွေကျပ် သိန်း(၈၀)ကို လည်းကောင်း၊ စုစုပေါင်းငွေကျပ်သိန်း ၁၄၀ ကို တံစိုး လက်ဆောင်အဖြစ် လက်ခံရယူခဲ့ခြင်းသည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိ လိုက်စားမှု ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အရိုးအထူးကုဆေးရုံကြီး (ခုတင်-၅၀၀)၊ မန္တလေးမှ ဆေးရုံအုပ်ကြီး ဒေါက်တာကြည်လွင် အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရလည်းကောင်း၊ ဌာနခွဲစာရေး ဦးအောင်ကျော်ဦး(ယခု ဦးစီးအရာရှိ (အုပ်ချုပ်/စီမံ)၊ မန္တလေးတိုင်းဒေသကြီး ကုသရေးဦးစီးဌာန)သည် အရိုးအထူးကု ဆေးရုံကြီးဝင်းအတွင်း စက်ဘီး/ ဆိုင်ကယ်အပ်နှံခကောက်ခံခြင်း လုပ်ငန်းနေရာနှစ်ခုအတွက် ၂၀၁၇-၂၀၁၉ ခုနှစ် တင်ဒါရရှိရေး ကူညီဆောင်ရွက်ပေးမည်ဟုဆိုကာ ငွေကျပ် (၂)သိန်းကို လည်းကောင်း၊ တင်ဒါကော်မတီဝင်များအား ကန်တော့ရန်ဟုဆိုကာ ငွေကျပ်(၃)သိန်းကို လည်းကောင်း၊ တင်ဒါအောင်မြင်သူထံမှ ငွေကျပ် (၇)သိန်းခန့်တန်ဖိုးရှိ Camera နှင့် Laptop တို့ကိုလည်းကောင်း တံစိုးလက်ဆောင်အဖြစ် လက်ခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဌာနခွဲစာရေး ဦးအောင်ကျော်ဦး(ယခု ဦးစီးအရာရှိ (အုပ်ချုပ်/စီမံ)၊ မန္တလေးတိုင်းဒေသကြီး ကုသရေးဦးစီးဌာန)အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၇ အရ လည်းကောင်း မန္တလေးတိုင်းဒေသကြီး၊ အမှတ်(၁၁)နယ်မြေရဲစခန်း၊ ချမ်းအေးသာစံမြို့နယ် တွင် ၂၀-၁၂-၂၀၁၉ ရက်နေ့၌ ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။  (Xinhua)