Politics, Law & Military
မြန်မာ-ဗီယက်နမ် အမျိုးသမီး ဘောလုံးပွဲ၌ ပရိသတ်အားပေးမှု အနည်းငယ်ကြမ်းတမ်းမှုကြောင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကို အရေးယူနိုင်ဖွယ်ရှိဟုဆို
ရန်ကုန်၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)
မန္တလေးမြို့ရှိ မန္တလာသီရိအားကစားကွင်း၌ ကစားခဲ့သော မြန်မာ-ဗီယက်နမ်၂၀၁၆ အာဆီယံ အမျိုး သမီးဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲတွင် ပရိသတ်အားပေးမှု အနည်းငယ် ကြမ်းတမ်းခြင်းကြောင့် အာဆီယံ ဘောလုံးအဖွဲ့ချုပ်က မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကို အရေးယူနိုင်ဖွယ်ရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးမိုးက ပြောကြားသည်။
“ မနေ့က ပွဲမှာ ကြီးကြပ်သူတွေ တင်တဲ့ reportပေါ်မူတည်ပြီး အရေးယူဖို့ရှိတယ်၊ သူတို့ reportတက်လာမှ ဘယ်လိုအရေးယူမလဲ သိရမှာ”ဟု ၎င်းက ဆိုသည်။
ယင်းဘောလုံးပွဲ ကစားနေစဉ်အတွင်း ဗီယက်နမ်အသင်းဘက်ကို ပင်နယ်တီပေးခဲ့သော ကွင်းလယ် ဒိုင်လူကြီးကို မကျေနပ်မှုကြောင့် မြန်မာပရိသတ်တချို့က ကွင်းထဲသို့ ပုလင်း၊ ရေသန့်ဘူးများနှင့် ပစ်ပေါက်ခြင်း၊ ထိုင်ခုံများကို ရိုက်ချိုးပြီး ကွင်းထဲ ပစ်ပေါက်ခဲ့ခြင်းများကြောင့် အချိန်ပို ဆက်လက်ကစားချိန်ကို နာရီဝက်ခန့် ပွဲရပ်နားခဲ့ရသည်။
အဆိုပါ ဘောလုံးကစားပွဲကို ပရိသတ်များအခြေအနေ တည်ငြိမ်မှ ပြန်လည် ကစားခဲ့ရသည်။(Xinhua)