Politics, Law & Military
မြန်မာ-ရုရှား စစ်ဘက်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ပြည်ထောင်စု လွှတ်တော် သဘောတူ
နေပြည်တော်၊ မေ ၁၀ ရက် (ဆင်ဟွာ)
မြန်မာ-ရုရှား စစ်ဘက်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီချက်အား လက်မှတ် ရေးထိုးရန် ကိစ္စကို ယနေ့ကျင်းပသော ပြည်ထောင်စု လွှတ်တော် ဒုတိယအကြိမ် ပုံမှန် အစည်းအဝေး ၂၀ ရက်မြောက်နေ့တွင် သဘောတူညီလိုက်သည်။
အဆိုပါ ပူးပေါင်း ဆောင်ရွက်ရေးနှင့် ပတ်သက်ပြီး ဖာပွန် မဲဆန္ဒနယ်မှ ဦးစောထွန်းမြအောင်၊ ဖောင်းပြင် မဲဆန္ဒနယ် ဦးထွန်းဝေ၊ တပ်မတော်သား ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် သန်းလွင်တို့က ထောက်ခံ ဆွေးနွေးခဲ့ပြီးနောက် သဘောတူခဲ့ခြင်း ဖြစ်ပါသည်။
ပြည်ထောင်စု ကာကွယ်ရေး ဝန်ကြီးဌာနနှင့် ရုရှားကာကွယ်ရေး ဝန်ကြီးဌာနတို့ကြား နိုင်ငံတကာနှင့် ဒေသတွင်းနိုင်ငံရေး၊ တည်ငြိမ်ရေး ကိစ္စရပ်များနှင့် နှစ်နိုင်ငံ ကာကွယ်ရေး မူဝါဒများကို အပြန်အလှန် နားလည်ရေး ကိစ္စများကို ဆွေးနွေးခြင်းများ ပြုလုပ်ခြင်းဖြင့် တပ်မတော် နှစ်ရပ်ကြား ဆက်ဆံရေးနှင့် စစ်ဘက်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု အများအပြား၌ ပိုမို ခိုင်မာစေရန် ရည်ရွယ်ပြီး လက်မှတ် ရေးထိုးရန် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ဗိုလ်ချုပ် မြင့်နွယ်က မေလ ၅ ရက်က ပြည်ထောင်စု လွှတ်တော်တွင် ရှင်းလင်း ပြောကြားခဲ့သည်။
လက်မှတ် ရေးထိုးခြင်းဖြင့် စစ်ရေးဆိုင်ရာ သဘောထား အမြင်ဖြင့် သတင်းအချက် အလက်များ ဖလှယ်နိုင်ရေး၊ အပြန်အလှယ် ယုံကြည်မှုများ ခိုင်မာလာစေခြင်း၊ နိုင်ငံတကာ လုံခြုံရေးနှင့် အကြမ်းဖက်မှု နှိမ်နင်းရေး ဆိုင်ရာများ တိုးမြှင့်နိုင်ရေး သဘောထားအမြင်နှင့် သတင်း အချက်အလက်များ ဖလှယ်နိုင်ခြင်း၊ စစ်ဘက်ဆိုင်ရာ ကဏ္ဍများ၌ တိုးမြှင့်နိုင်ခြင်း၊ ကုလသမဂ္ဂ ဦးဆောင်သော ငြိမ်းချမ်းရေး တိုးတက်မှု လုပ်ငန်းများ ဖလှယ်နိုင်ခြင်း၊ ငြိမ်းချမ်းရေး အထောက်အကူပြု လုပ်ငန်းများတွင် အပြန်အလှယ် ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ အတွေ့အကြုံများ ဖလှယ်နိုင်ခြင်း၊ ပင်လယ်ပြင် ရှာဖွေရေး လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်ရေး စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း ဗိုလ်ချုပ် မြင့်နွယ်က ဆိုသည်။ (Xinhua)