Connect with us

Science & Technology

ချင်းပြည်နယ်ရှိပထမဆုံးလေဆိပ်ဖြစ်သော ဆူရ်ဘုန်လေဆိပ်တည်ဆောက်ရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး၊ အောက်တိုဘာနောက်ဆုံးပတ်တွင် စမ်းသပ်ပြေးဆွဲမည်

ဆူရ်ဘုန်လေဆိပ်တည်ဆောက်နေမှုအားတွေ့ရစဉ်(ဓာတ်ပုံ- MOI)

ရန်ကုန်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)

ချင်းပြည်နယ်ရှိ ပထမဆုံးလေဆိပ်ဖြစ်သော ဆူရ်ဘုန်လေဆိပ်တည်ဆောက်ရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး ပြီဖြစ်သောကြောင့် ၂၀၂၀ပြည့်နှစ် အောက်တိုဘာ ၂၅ ရက်မှ ၂၇ ရက်ကြားတွင် လေယာဉ်စတင်စမ်းသပ်ပြေးဆွဲမည်ဖြစ်ကြောင်း၊ လေယာဉ်ပုံမှန်ပြေးဆွဲရန် အတွက် COVID-19 ရောဂါအခြေအနေပေါ်မူတည်မည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအို က ဆင်ဟွာသို့ အောက်တိုဘာ ၁၆ ရက်တွင်ပြောသည်။

“ကျွန်တော်တို့ ၂၀၂၀ပြည့်နှစ် ဇွန်လထဲမှာ လေယာဉ်ပျံသန်းစစ်ဆေးမှုဆောင်ရွက်ခဲ့ပါတယ်။
အဲဒီမှာလေယာဉ်မှူးကြီးတွေရဲ့ အကြံပြုချက်အတိုင်း လေယာဉ်တွေအန္တရာယ်ကင်းကင်းနဲ့ဆင်းသက်နိုင်ရေး အတွက် လိုအပ်တဲ့ဆောင်ရွက်မှု တွေကိုဆောင်ရွက်ခဲ့တာ အခုကရာနှုန်းပြည့်ပြီးစီးတဲ့အတွက် အခုအောက်တိုဘာလ မှာ ထပ်မံစမ်းသပ်ပြေးဆွဲမှာဖြစ်ပါတယ်’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

ဆူရ်ဘုန်လေဆိပ်နှင့် ချင်း ပြည်နယ်ရှိ  မြို့များနှင့်  အထင်ကရ နေရာများ၏ အကွာအဝေးမှာ လုံပီး တောင်နှင့် ၄ မိုင်၊ ဖလမ်းမြို့နှင့် ၈ ဒသမ ၅ မိုင်၊ ဟားခါးမြို့နှင့် ၄၅ မိုင်၊ ရိဒ်ရေကန်နှင့်  ၆၄ မိုင်  ၂ ဖာလုံ၊ တီးတိန်မြို့နှင့် ၈၃ မိုင်  ၅ ဖာလုံ စသည်ဖြင့် အကွာအဝေးရှိကြောင်း သိရသည်။

“လေဆိပ်ဖွင့်ပွဲပြီးရင်တော့ ပုံမှန်ပြေးဆွဲမှာပါ။ လေဆိပ်ဖွင့်ပွဲလုပ်ဖို့ က COVID-19 အခြေအနေပေါ်မူတည်ပါတယ်။ ဒီလေဆိပ်ကြောင့် ကျန်းမာရေးအတွက် အရေးပေါ်ကိစ္စတွေနဲ့ စီးပွားရေးကိစ္စတွေက တော့ အရမ်းအဆင်ပြေ သွားမယ်။ ဒီလေဆိပ်ကိုတည်ဆောက်ချိန်က အချိန် ၅ နှစ်လောက်ယူခဲ့ရပါတယ်။ လေယာဉ်ပုံမှန်ပြေးဆွဲရင် လူ ၇၂ ယောက်လိုက်ပါနိုင်မယ့်ATR-72 လေယာဉ်တွေပြေးဆွဲနိုင်မှာဖြစ်ပါတယ်’’ ဟု ဦးရွှေထီးအို ကဆက်ပြောသည်။

လေယာဉ်ပြေးလမ်း အလျားပေ ၆၀၀၀၊ အကျယ်ပေ ၃၀၀၊ ပြေးလမ်း အမျိုးအစား Flexible Pavement ၊  ပြေးလမ်းအရှိန်သတ်စွန်း (Overrun) အလျားပေ ၂၀၀၊ အကျယ် ပေ ၁၀၀၊ လေယာဉ်ရပ်နား နေရာ အလျားပေ ၂၅၀၊ အကျယ်ပေ ၂၅၀၊ ပြေးလမ်း     ခံနိုင်ရည်အား    ပေါင် ၅၀၀၀၀ရှိပြီး ဆင်းသက်အသုံးပြုနိုင်မည့် လေယာဉ်များမှာ ATR 72 (MTOW-၄၉၆၀၄ ပေါင်) ဖြစ်ကြောင်း၊ စုစုပေါင်း ကုန်ကျငွေ ကျပ် ၃၇ဘီလီယံခန့်ရှိမည်ဖြစ်ကြောင်း ဆိုသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.