Connect with us

Science & Technology

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းအား အမြန်ဆုံးစတင်နိုင်ရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ဆို

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်တည်ဆောက်ရေး စီမံကိန်းဆောင်ရွက်နိုင်ရန် ကွင်းဆင်းကြည့်ရှုစဉ် (ဓာတ်ပုံ--ပြည်ကြားရေးဝန်ကြီးဌာန)

ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်း အား အပိုင်း သုံးပိုင်းခွဲ၍ ဆောင်ရွက်မည်ဖြစ်ပြီး စီမံကိန်း ပထမအဆင့်ကို အမြန်ဆုံးစတင်နိုင်ဖို့အတွက် ညှိနှိုင်းမှု အဆင့်ဆင့်အား ဆောင်ရွက် လျက်ရှိကြောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးမျိုးမင်းဦးက ဆင်ဟွာသို့ အောက်တိုဘာ ၁၇ ရက်တွင် ပြောသည်။

“စီမံကိန်းကို ကျွန်တော်တို့ အပိုင်း သုံးပိုင်းခွဲပြီးဆောင်ရွက်မှာဖြစ်ပါတယ်။ COVID-19 အခြေအနေပေါ်လည်း မူတည်ပါတယ်။ စီမံကိန်းအမြန်ဆုံးစတင်နိုင်ဖို့ ငွေကြေးပိုင်းဆိုင်ရာ ညှိနှိုင်းမှုတွေ လုပ်နေပါတယ်။ ပထမအဆင့် စီမံကိန်းကို မြေဧက ၁၈၀၀ နဲ့စတင်မှာ ဖြစ်ပါတယ်။ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်က  မြေနေရာအနေအထားအရ လေယာဉ်ပြေးလမ်း အသစ်ထပ်မံ တည်ဆောက်၍ မရနိုင်တော့ပါဘူး။ လေယာဉ်ရပ်နားဖို့ နေရာ အလုံအလောက် တိုးချဲ့နိုင်မှုမရှိလို့ Operation ဆောင်ရွက်တဲ့နေရာမှာ  ကန့်သတ်ချက်တွေရှိနေလို့  ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် တည်ဆောက်ရေးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့ အတွက် လျာထားပါတယ်။ စီမံကိန်းစတင်ဖို့ငွေကြေးပိုင်းဆိုင်ရာ မှာညှိနှိုင်းနေတုန်းဖြစ်ပါတယ်။”’ ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

စီမံကိန်းပထမအဆင့်အား ၂၀၂၇ ခုနှစ်တွင် ပြီးစီးရန်လျာထားကြောင်း၊ စီမံကိန်း ပထမအဆင့် ပြီးဆုံးပါက တစ်နှစ်လျှင်ခရီးသည် ရှစ်သန်းအား ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်ကြောင်း၊ စီမံကိန်း ဒုတိယအဆင့်အား ၂၀၃၇ ခုနှစ်တွင် ပြီးစီးရန်လျာထားကာ တစ်နှစ်လျှင်ခရီးသည် ၁၅ သန်းအား ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်ကြောင်း၊ စီမံကိန်း တတိယအဆင့်အား ၂၀၄၈ ခုနှစ်တွင် ပြီးစီးရန် လျာထားကာ တစ်နှစ်လျှင် ခရီးသည်သန်း ၃၀ ကို ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်ကြောင်းဆိုသည်။

“ဒီအပြည်ပြည်ဆိုင်ရာလေဆိပ်က မြန်မာနိုင်ငံမှာ လေးခုမြောက် အပြည်ပြည်ဆိုင်ရာ လေဆိပ် ဖြစ်လာမှာပါ။ လက်ရှိမြန်မာနိုင်ငံမှာ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် နဲ့ မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်ဆိုပြီး သုံးခုရှိပါတယ်။ ဒီလေဆိပ်က စီမံကိန်းတတိယအဆင့်အထိ ပြီးစီးသွားရင် မြန်မာနိုင်ငံမှာ အကြီးဆုံးလေဆိပ် ဖြစ်လာမှာပါ” ဟု ဦးမျိုးမင်းဦးက ရှင်းပြသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ ၂၀၁၉ ခုနှစ် တွင် ခရီးသည် ခြောက်သန်းအား ဝန်ဆောင်မှု ပေးနိုင်ခဲ့ကြောင်း၊ ရန်ကုန်လေဆိပ်တွင် ခရီးသည်ယခုထက်များပါက လေဆိပ်အား ထပ်မံတိုးချဲ့ရန် မြေနေရာ အခက်အခဲရှိကြောင်း၊ ရေရှည်အတွက်ခရီးသည်များအား ပိုမိုဝန်ဆောင်မှု ပေးနိုင်ရန် ရည်ရွယ်၍ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်အား ဖြစ်မြောက် အောင်မြင်စေရန် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဆိုသည်။

အဆိုပါလေဆိပ်သည် ရန်ကုန်-မန္တလေးလမ်းဟောင်းဖြင့် အဓိက ချိတ်ဆက်မည်ဖြစ်ပြီး လေဆိပ်အဝင်အထွက် လမ်းမကြီး လေးခု ရှိမည်ဖြစ်ကြောင်းသိရသည်။  (Xinhua)