Connect with us

Science & Technology

မုံရွာ စက်မှု သင်တန်းကျောင်းတွင် စက်မှု ဘာသာရပ် ၁၀ မျိုး ထပ်တိုးပြီး သင်တန်းသား ၂၀၀ ဦးဖြင့် စတင် ဖွင့်လှစ်မည်ဟုဆို

ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးတီခွန်မြတ် အစည်းအဝေးခန်းမသို့ ကြွရောက်လာစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၆ ရက် (ဆင်ဟွာ)

ပညာရေး ဝန်ကြီးဌာနသည် ဆက်စပ် ဝန်ကြီးဌာန ဖြစ်သည့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဌာနနှင့် ပေါင်းစပ်ပြီး စစ်ကိုင်းတိုင်းဒေသကြီးရှိ အမှတ်(၇) စက်မှု သင်တန်း ကျောင်း (မုံရွာ) ၌ အထည်အလိပ်နှင့် သက်ဆိုင်သော Apparel Manufacturing Course အပါအဝင် စက်မှု ဘာသာရပ် ၁၀ မျိုးအား သင်တန်းသား ၂၀၀ ဦးဖြင့် ဖွင့်လှစ်ပေးသွားရန် ဆောင်ရွက်လျက်ရှိကြောင်း ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပြည်သူ့လွှတ်တော် ယနေ့ အစည်း အဝေးတွင် ပြောကြားခဲ့သည်။ 

“ပညာရေး ဝန်ကြီးဌာနအနေဖြင့် ဆက်စပ် ဝန်ကြီးဌာများဖြစ်တဲ့ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အား ဦးစီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန၊ စိုက်ပျိုးရေး မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာနတို့နှင့် ပေါင်းစပ်ပြီး အထည်အလိပ်ကဏ္ဍနှင့် အထည်ချုပ် လုပ်ငန်းများ တိုးတက်လာစေရန် လက်ရှိ ဖွင့် လှစ်ထားရှိပြီးသော သင်တန်းများအတိုင်း တိုးချဲ့ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟုလည်း ပြည်ထောင်စု ဝန်ကြီးက ပြောခဲ့သည်။

လှိုင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦး၏ ကြယ်ပွင့်ပြ မေးခွန်းကို ဖြေကြားရာတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်ပြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဌာန အောက်ရှိ ဝါကြိတ် စက်ရုံများတွင် ပြည်တွင်း ပြည်ပ ပုဂ္ဂလိက ကုမ္ပဏီများနှင့် ပူးပေါင်း၍ မြို့ပြ အခြေပြု ကျောင်းများ ဖွင့်လှစ်ကာ အထည်ချုပ်နှင့် ဖက်ရှင် ဒီဇိုင်း သင်တန်းများ ဖွင့်လှစ်နိုင်ရန် ဆောင်ရွက် သွား မည် ဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့ရှိ သာဂရ စက်မှု နယ်မြေတွင်လည်း ပြည်တွင်း ပြည်ပ မိတ်ဖက် ကုမ္ပဏီများနှင့် ပူးပေါင်း၍ အထည်ချုပ်ကာလတို သင်တန်းများ ဖွင့်လှစ်နိုင်ရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

ထို့အတူ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အသေးစား စက်မှု လက်မှု လုပ်ငန်း ဦးစီးဌာန၏ ကြီးကြပ်မှု အောက်တွင် ဆောင်းဒါး ရက္ကန်းနှင့် အသက်မွေးပညာ သိပ္ပံ (အမရပူရမြို့)နှင့် အသက်မွေးပညာ သင်တန်း ၁၃ ကျောင်း (ဖလမ်း၊ မုံရွာ၊ မိတ္ထီလာ၊ တောင်ကြီး၊ ရွှေတောင်၊ ပခုက္ကူ၊ စစ်တွေ၊ မုဒုံ၊ မြစ်ကြီးနား၊ ကျောက်မဲ၊ မင်းတပ်၊ လွိုင်ကော်၊ ဖားအံ) တို့ကို တည်ထောင် ဖွင့်လှစ်၍ ရက္ကန်းပညာသင်တန်းများ သင်ကြားပို့ချပေးလျက် ရှိကြောင်း၊ တက္ကသိုလ် ဝင်တန်း အောင်မြင်ပြီး သူများအတွက် ချည်မျှင်နှင့် အထည်အလိပ် ဒီပလိုမာ တစ်နှစ်သင်တန်းကို မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့ ဆောင်းဒါး ရက္ကန်းနှင့် အသက်မွေးပညာ သိပ္ပံတွင်လည်းကောင်း၊ အခြေခံပညာ အလယ်တန်း အောင်မြင်ပြီးသူများအတွက် ချည်မျှင်နှင့် အထည်အလိပ် ကျွမ်းကျင်သူ တစ်နှစ် သင်တန်းနှင့် အခြေခံပညာ မူလတန်းအဆင့် အောင်မြင်ပြီးသူများအတွက် လက်ရက္ကန်း ခြောက်လ သင်တန်း၊ ရိုးရာ လွန်း ရာကျ အချိတ် ခြောက်လ သင်တန်းနှင့် ရွှေချည်ထိုး၊ ငွေချည်ထိုး သုံးလ သင်တန်းများကို ဆောင်းဒါး ရက္ကန်းနှင့် အသက်မွေးပညာ သိပ္ပံတွင်လည်းကောင်း၊ ရက္ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်း ၁၃ ကျောင်းတို့တွင် လည်းကောင်း ဌာန၏ ရန်ပုံငွေ အသုံး စရိတ် ကျခံပြီး ကျောင်းအိပ် ကျောင်းစား အခမဲ့ လက်ခံ သင်ကြားပေးလျက် ရှိကြောင်းလည်း ပြည်ထောင်စု ဝန်ကြီးက ဖြည့်စွက် ပြောကြားခဲ့သည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.