Science & Technology
မောင်းသူမဲ့ လေယာဉ်များ စိစစ်ခြင်းကို ပို့ဆောင်ရေး ဝန်ကြီးဌာနမှ ဆောင်ရွက်မည်
ရန်ကုန်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)
မောင်းသူမဲ့ (Drone) လေယာဉ်များကို အလေးချိန်၊ စွမ်းဆောင်နိုင်မှု အပေါ်မူတည်ပြီး အတန်းအစား သတ်မှတ်ကာ မှတ်ပုံတင်ခြင်း၊ စီးပွားရေး လုပ်ငန်း အသုံးပြုခွင့် လက်မှတ်ထုတ် ပေးခြင်း၊ မြေပြင်မှ ထိန်းချုပ် မောင်းနှင်သူများအား စိစစ်ခြင်းတို့အား လေကြောင်း ပို့ဆောင်ရေး ဦးစီးဌာနက ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်ယော်က ယနေ့ ကျင်းပသည့် အမျိုးသား လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။
ပို့ဆောင်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဇင်ယော်က ယနေ့ အမျိုးသား လွှတ်တော် ၁၃ ကြိမ်မြောက် အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ် တစ်ဦး၏ အမေးကို ဖြေကြားခဲ့ရာ၌ လက်ရှိတွင် မောင်းသူမဲ့ လေယာဉ်များကို သတင်းမီဒီယာ၊ ဓာတ်ပုံ ဗွီဒီယို ရိုက်ကူးရေး၊ ရာသီဥတုနှင့် ဘေးအန္တရာယ် လေ့လာရေး၊ ဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ တံတားနှင့် အထပ်မြင့် အဆောက်အအုံများ ကြံ့ခိုင်မှု စစ်ဆေးရေး၊ လမ်းပိတ်ဆို့မှု စောင့်ကြည့်ရေး၊ သုတေသန လုပ်ငန်း၊ ကာကွယ်ရေး လုပ်ငန်း စသည့် လုပ်ငန်းများတွင် အသုံးပြု နေသကဲ့သို့အကြမ်းဖက် လုပ်ရပ်များတွင်လည်း အသုံးပြုလာနိုင် သဖြင့် လိုအပ်သော လုပ်ထုံး လုပ်နည်းများ ထုတ်ပြန်ရာတွင် ကာကွယ်ရေး၊ ပြည်ထဲရေး၊ ဟိုတယ်နှင့် ခရီးသွားလာရေး၊ ဘဏ္ဍာရေး၊ ယဉ်ကျေးမှု စသည့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်း ဆောင်ရွက် သွားမည်ဟုလည်း ပို့ဆောင်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက ပြောခဲ့သည်။ ထို့အပြင် မောင်းသူမဲ့ လေယာဉ်များ လေတပ် စခန်း ဌာနချုပ်၊ လေတပ် စခန်းများ၏ ပျံသန်းရေး နယ်မြေများ အတွင်း ဝင်ရောက် ပျံသန်းမည် ဆိုပါက ကာကွယ်ရေး ဦးစီးချုပ်ရုံး (လေ) ၏ ခွင့်ပြုချက် ရရှိပြီးနောက် သက်ဆိုင်ရာ လေတပ် စခန်းဌာနချုပ်များနှင့် ညှိနှိုင်း ဆွေးနွေးပြီးမှသာ ပျံသန်း နိုင်ကြောင်း စသည့် ကန့်သတ် ဧရိယာများ သတ်မှတ်ရေးလည်း စီမံ ဆောင်ရွက်မည်ဟု ၎င်းက ပြောခဲ့သည်။ (Xinhua)