Connect with us

Social

အလှူတော် အိုးသူကြီး မြန်မာ့ရိုးရာ အိုးကြီးချက် အလွတ်တန်း ပြိုင်ပွဲ ကျင်းပမည်

အလှူတော် အိုးသူကြီး မြန်မာ့ရိုးရာ အိုးကြီးချက် အလွတ်တန်း ပြိုင်ပွဲ အမှတ်တံဆိပ်အား တွေ့ ရစဉ် (ဓာတ်ပုံ-MRA Myanmar Restaurant Association)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ)

အလှူတော် အိုးသူကြီး မြန်မာ့ရိုးရာ အိုးကြီးချက်အလွတ်တန်း ပြိုင်ပွဲအား ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်မှ ၂၉ ရက် အထိ ၊ ရန်ကုန်မြို့၊ ဒဂုံမြို့နယ် ၊ ဦးဝိစာရလမ်းရှိ မိုင်တာကွင်း၌ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

တိမ်မြုပ်လုနီးပါး ဖြစ်လာသော မြန်မာ့ ရိုးရာ အိုးကြီးချက် ပညာရပ်များ ပြန်လည် ဖော်ထုတ် နိုင်စေရေး ၊ အကျိုးအမြတ် မကြည့်ဘဲ စေတနာရှေ့ထား၍ ကူညီတတ်ကြသော အိုးသူကြီးများကို ချီးမြှင့် မြှောက်စား ပေးနိုင်ရေး နှင့် မြန်မာ့ ရိုးရာ အစားအသောက် ကဏ္ဍ ပိုမို မြင့်တက်လာစေရေး တို့အတွက် ရည်ရွယ်၍ ထိုပြိုင်ပွဲအား ကျင်းပရခြင်း ဖြစ်ကြောင်း သိရသည်။

အလှူတော် အိုးသူကြီး မြန်မာ့ရိုးရာ အိုးကြီးချက် အလွတ်တန်း ပြိုင်ပွဲတွင် ပထမရရှိသည့် အသင်းအား ဆုကြေးငွေ ကျပ်သိန်း ၅၀ နှင့် အတူ ဒိုင်းဆု ၊ ရွှေတံဆိပ်ဆု များအား လည်းကောင်း ၊ ဒုတိယရရှိသည့် အသင်းအား ကျပ်သိန်း ၃၀ နှင့် ငွေတံဆိပ်ဆု အား လည်းကောင်း ၊ တတိယရရှိသည့် အသင်းအား ကျပ်သိန်း ၂၀ ၊ ကြေးတံဆိပ်ဆု တို့အား လည်းကောင်း အသီးသီး ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုပြိုင်ပွဲနေ့များတွင် ပြိုင်ပွဲဝင်များ ယှဉ်ပြိုင် ချက်ပြုတ် ထားသည်များကို လာရောက် ကြည့်ရှု အားပေး ကြသည့် ဧည့်ပရိတ်သတ်များအား စတုဒီသာ ပြန်လည်တည်ခင်း ကျွေးမွေး သွားမည်ဖြစ်ပြီး မြန်မာ လူမျိုးများ၏ ရိုးရာဓလေ့ ထုံးတမ်းများ ပျောက်ကွယ် မသွားစေလိုသည့် ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်းမှ တာဝန်ယူ ကျင်းပရခြင်း ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲဝင် အဖွဲ့တစ်ဖွဲ့လျှင် အဖွဲ့ခေါင်းဆောင် ၁ ဦး ၊ လက်ထောက်ခေါင်းဆောင် ၁ ဦး ၊ အဖွဲ့ဝင် ၅ ဦး စုစုပေါင်း ၇ ဦး ပါဝင် ယှဉ်ပြိုင် ရမည်ဖြစ်ကြောင်း ၊ ပြိုင်ပွဲဝင်များ အနေဖြင့် မြန်မာထမင်း ၊ ဟင်းအိုး ကြီးချက် အတွေ့အကြုံ ရှိသူ ဖြစ်ရမည် ဖြစ်ပြီး ခေါင်းဆောင်သော်လည်းကောင်း ၊ လက်ထောက် သော်လည်းကောင်း ၊ အကူသော်လည်းကောင်း မိမိယှဉ်ပြိုင်မည့်နေရာအလိုက် ကျွမ်းကျင်စွာ ပါဝင်ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း စသည့် အရည်အချင်းများ သတ်မှတ်ထားကြောင်း သိရသည်။(Xinhua)