Connect with us

Social

ကထိန် ပွဲခင်းပါတဲ့ လတန်ဆောင်တိုင်

ရန်ကုန်မြို့ ကြည့်မြင့်တိုင် မြို့ နယ် အတွင်း ကထိန်ပွဲ ကျင်းပနေမှုအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၁၄ ရက်(ဆင်ဟွာ)

မြန်မာ(၁၂)လရာသီတွင် တန်ဆောင်မုန်းလ သည် ၈ လ မြောက်(အဋ္ဌမမြောက် လ)ဖြစ်ပြီး ထင်ရှားသော ပွဲတော်တစ်ခုမှာ ကထိန်ပွဲခင်းခြင်း(ဝါ) ကထိန် သင်္ကန်း ကပ်လှုသည့် ကထိန်ပွဲများအား ကျင်းပ ဆင်နွဲကြသည်။

ကထိန်ရာသီ

တန်ဆောင်မုန်းလ၏ ရာသီပန်းမှာ ခဝဲပန်း ဖြစ်ပြီး ထင်ရှားသော ပွဲတော် တစ်ခု ဖြစ်သည့် ကထိန်ပွဲ ပြုလုပ်ခြင်းကို ကထိန်ခင်းသည် ဟုဆိုကြပြီး သီတင်းကျွတ် လပြည့်ကျော် ၁ ရက်မှ တန်ဆောင်မုန်း လပြည့်နေ့ အထိ သတ်မှတ်သော ကာလဒါန ဖြစ်ပြီး ကထိန်သင်္ကန်း အလှုဒါနများ ပြုလုပ်ကြသည်။

မြန်မာဗုဒ္ဓဘာသာဝင်တို့သည် “ဘုရားမှာ စိန် ၊ ကျောင်းမှာ သိမ် ၊ သင်္ကန်းမှာ ကထိန်”ဟူ၍ ဆိုရိုးပြုကာ ၊ “ ကထိန်သင်္ကန်း ကပ်လှူခြင်း”ကို အထွဋ်အမြတ် ထားလေ့ ရှိကြပြီး “ကထိန်” ဟူသော ဝေါဟာရသည် ပါဠိဘာသာ စကား“ကထိန” မှ ဆင်းသက်လာပြီး “မြဲမြံခိုင်ခန့်ခြင်း” ဟူသော အနက်ရှိသည်။

မသိုးသင်္ကန်း

ကထိန်ခင်းခြင်းနှင့် အတူ မသိုးသင်္ကန်း ရက်လုပ်၍ လှူသော အလှူပွဲကို တန်ဆောင်မုန်း လတွင် ပြုလုပ်ကြပြီး အထင်ကရ စေတီတော်ကြီးများတွင် မသိုးသင်္ကန်းယက်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ကာ ၊ ရရှိလာသော သင်္ကန်းတော်ဖြင့် စေတီတော်မှရုပ်ပွားတော်မြတ် ဗုဒ္ဓဘုရားရှင်အား နေ့မကူးမီ ပူဇေါ်လှူဒါန်းလေ့ရှိကြသည်။

ရွှေတိဂုံ စေတီတော်မြတ်တွင် မသိုးသင်္ဃန်း ရက်လုပ်နေမှုအား တွေ့ရစဉ်(ဆင်ဟွာ)

တန်ဆောင်မုန်းလပြည့်နေ့ မှ နောက်တစ်ရက်မကူးမီအချိန်ထိ ယက်လုပ်ချုပ်ငင်ရသော သင်္ကန်းကို “မသိုးသင်္ကန်း” -ဟုခေါ်ဆိုခြင်း ဖြစ်သည်။

တန်ဆောင်မုန်း-တန်ဆောင်တိုင်

တန်ဆောင်မုန်းလ၏ အဓိပ္ပါယ်မှာ“မီးရှူး၊ မီးတိုင် ၊ဆီမီးများထွန်းလင်းစေသောလ (ဝါ) အမိုက်အမှောင်ကို မီးအလင်းရောင်ဖြင့် ပျောက်လွင့်စေသောလ” -ဟု ၊ဆိုကြပြီး “တန်ဆောင်တိုင်”-ဟူသည် “အလင်းရောင်ကို ဆောင်ယူသောတိုင်(ဝါ) မီးရှူးတိုင် ၊ အလင်းတိုင်” ကို ခေါ်ဆိုခြင်းဖြစ်ပြီး တန်ဆောင်တိုင် မီးထွန်း ပွဲတော်များ ကျင်းပ ဆင်နွဲကြသည်။

သာမည ဖလအခါတော်နေ့

ဘုရားရှင် လက်ထက်တော်အခါက ၊ တန်ဆောင်မုန်းလပြည့်နေ့ညတွင် ၊ရာဇဂြိုဟ်ပြည့်ရှင် အဇာတသတ်မင်း ၏ လျှောက်ထားချက်အရ ၊“သာမညဖလသုတ်တော်”ဟူသော “ရဟန်းပြုလုပ်ရခြင်း၏ အကျိုးကျေးဇူး”ကို ထုတ်ဖေါ် ဟောကြားတော်မှုသဖြင့် “သံဃာတော်များနေ့” ဟူ၍လည်းကောင်း ၊ “သာမည ဖလအခါတော်နေ့” ဟူ၍လည်းကောင်း ၊ ယခုအခါတွင် တန်ဆောင်မုန်းလပြည့်နေ့ကို သတ်မှတ်ကျင်းပကြပါသည်။

ဆေးပေါင်းခသည့် ည

မြန်မာ့ရှေးရိုးအစဉ်အလာအရ တန်ဆောင်မုန်းလပြည့် အခါသမယ တွင် မယ်ဇလီဖူး ကိုအဆာ စုံစွာသုပ်၍ မိသားစုဝင်များအားလုံးစားသုံးကြခြင်း ၊ ပတ်ဝန်းကျင် အိမ်နီးချင်းများအား မယ်ဇလီဖူးသုပ် အထုပ်ငယ် များကို ဆေးဝါး အဖြစ်ပေးဝေလျက် ဒါနပြုလေ့ရှိကြပြီး နက္ခတ်၊ ကြယ်တာရာ စုံညီစွာ ပေါ်ထွန်းသောကြောင့် ၊ ဆေးအာနိသင်များ နိုးကြွ ထက်မြက်စေ၍ “ဆေးပေါင်းခသည့်ည”ဟုလည်း ယုံကြည်ကြသည်။

ကျီးမနိုးပွဲ

တန်ဆောင်မုန်းလတွင် ထွက်ပေါ်သော“ကြတ္တိကာနက္ခတ်”ကို နက္ခတ်ပညာရှင်တို့က၊ “စောရနက္ခတ်(ခေါ်) သူခိုး နက္ခတ်” ဟု ၊ဆိုလေ့ရှိကြသည်။ထို့ကြောင့် လပြည့်နေ့ညအခါတွင် “ကျီးမနိုးပွဲ” ဟူသော တစ်ညလုံး နံနက် ကျီးမနိုးမီတိုင်အောင်၊ အိမ်ရှင်မသိစေပဲ အလွယ်တစ်ကူ တွေ့ရှိချီမနိုင်သောပစ္စည်းများကိုယူ၍ လမ်းမတွင် စုပုံထားခြင်း ၊ပုဆိုး ထမီ ရရာတို့ကို အလံထူ၍ထားခြင်း စသည်တို့ဖြင့် ၊နံနက်အခါ၌ လူရယ်ဖွယ် ဖြစ်အောင် ဖန်တီးထားတတ်ကြသည့်ပွဲကို ကလေး ၊ လူငယ်များ ပျော်ရွှင်စွာ ဆော့မြူးလေ့ရှိကြသည်။

စကားပုံ

ရိုးရာ ၁၂ လ ရာသီတွင် တန်ဆောင်မုန်းလသည် မိုးတွင်းကာလ ကုန်ဆုံးသည့်အချိန် ဖြစ်၍ “မိုးလအဆုံး-တန်ဆောင်မုန်း”ဟူ၍ ဆိုလေ့ရှိကြသကဲ့သို့ လယ်ယာစိုက်ခင်းကွင်းပြင်တွင် စပါးကောက်နှံများ ရှင်သန် ပြည့်ဖြိုးမှုများအား မြင်တွေ့ရသဖြင့် တောင်သူ လယ်သမားများ ရွှင်မြူးပြုံးပျော်ကြသည့် အတွက် “တောင်သူ ရွှင်ပြုံး-တန်ဆောင်မုန်း”ဟု ဆိုကြပြီး စပါးနှံတို့၏ သဘာဝကို အမှီပြုလျက် “ ဖုံးတုံးလုံးတုံး-တန်ဆောင်မုန်း”ဟုလည်း ဆိုကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.