Social
တန်ဖိုးနည်းအိမ်ယာအခန်း၃၀၀၀ကျော် ဧပြီလတွင်ရောင်းမည်

ရန်ကုန်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)
ရန်ကုန်တိုင်းဒေသကြီး ဒဂုံ(ဆိပ်ကမ်း)မြို့နယ်ရှိ ယုဇနတန်ဖိုးနည်း အိမ်ရာစီမံကိန်းအပိုင်း (၂)၊(၃)နှင့် လှိုင်သာယာမြို့နယ်ရှိ ကျန်စစ်မင်း တန်ဖိုးနည်းအိမ်ရာများမှ အခန်းပေါင်း သုံးထောင်ကျော်ကို ဧပြီလတွင် ် ရောင်းချသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ပြ နှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။
ယုဇနတန်ဖိုးနည်းအိမ်ရာ စီမံကိန်းအပိုင်း (၃) မှာ ဒဂုံ(ဆိပ်ကမ်း) မြို့နယ်ရှိ မြေဧက ၂ဝ တွင် တည်ဆောက်သွားမည်ဖြစ်၍ အကျယ်ပေ (၂ဝx၂ဝ) အခန်းပေါင်း (မြေညီ ခန်းမပါ) ၁ဝ၄ဝ ခန်း၊ အကျယ်ပေ(၂ဝx၂ဝ) (မြေညီခန်းအပါ) အခန်းပေါင်း ၂၁၆ ခန်း၊ အကျယ်(၁၆ x၂၄) ပေ အခန်းပေါင်း ၉ဝဝ ပါဝင်ကြောင်း သိရသည်။
ထို့ပြင် ကျန်စစ်မင်းတန်ဖိုးနည်းအိမ်ရာ အပိုင်း(၁) မှာ လှိုင်သာယာမြို့နယ်ရှိ မြေ ၉.၅ ဧကပေါ်တွင် တည်ဆောက် ထားခြင်းဖြစ်ကာ ပေ (၁၈x၁၈) အကျယ် အဝန်းရှိ အခန်း ၁၂၆ဝ ခန်းပါဝင်သည်။
ဈေးနှုန်းများမှာ ပျမ်းမျှအားဖြင့် ငွေကျပ် သိန်း ၁၂ဝ ခန့်ရှိပြီး အကျယ်အဝန်း၊ အထပ် အနိမ့်၊ အမြင့်ပေါ်မူတည်၍ ဈေးနှုန်း ကွာခြား နိုင်မည်ဖြစ်ကြောင်း၊ ခြောက်ခန်းတွဲ လေးထပ်နှင့် ရှစ်ခန်းတွဲလေးထပ် တည်ဆောက်ထားခြင်းဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဆောက်လုပ်ရေး ဝန်ကြီးဌာနသည် ယုဇနအိမ်ရာ အပိုင်း(၁)နှင့် အပိုင်း(၂) စီမံကိန်း တစ်ဝက်ကို ၂ဝ၁၆ ခုနှစ်အတွင်းက ပထမ အကြိမ် ဘဏ်အရစ်ကျစနစ်ဖြင့် ရောင်းချပေးခဲ့ပြီး ကျန်ရှိသည့် ယုဇနအိမ်ရာအပိုင်း (၂)မှ တစ်ဝက်နှင့် အပိုင်း(၃)တို့ကို ကျန်စစ် မင်းအိမ်ရာနှင့်အတူ ဧပြီလတွင် ရောင်းချပေးသွားမည် ဖြစ်ကြောင်းပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။ (Xinhua)