Social
ရန်ကုန်မြို့သို့ ရေပေးဝေနေသော ရေလှောင်ကန်ကြီးလေးခုတွင် ရေမပြည့်တော့သဖြင့် နွေရာသီအတွက် အရေးပေါ်အစီအမံများ ဆောင်ရွက်လျက်ရှိ

ရန်ကုန်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)
ရန်ကုန်မြို့သို့ ရေပေးဝေနေသော ရေလှောင်ကန်ကြီးလေးခုတွင် ရေမပြည့်တော့သဖြင့် နွေရာသီအတွက် အရေးပေါ်အစီအမံများ ဆောင်ရွက်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရေရရှိရေး နှင့် ရေပေးဝေရေးလုပ်ငန်းတာဝန်ခံအဖွဲ့ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) မှ သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရေရရှိရေး နှင့် ရေပေးဝေရေးလုပ်ငန်းတာဝန်ခံအဖွဲ့ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) မှ တာဝန်ရှိသူတစ်ဦးက “ခါတိုင်းဆို ဒီအချိန်က ရေလှောင်ကန်ကြီးတွေ အားလုံးရေလျှံနေပြီ။ ဒီနှစ်ကတော့ ရေတောင်မပြည့်ဘူး။ ဒါကြောင့် ကျွန်မတို့ အနေနဲ့ နည်းလမ်းစုံနဲ့ ပြည်သူတွေ အဆင်ပြေစေဖို့ ရေပြတ်လပ်မှု မရှိစေဖို့ ဆောင်ရွက်နေပါတယ်’’ ဟုဆင်ဟွာသို့ စက်တင်ဘာ ၁၁ ရက်တွင်ပြောသည်။
ယခုနှစ်သည် ရာသီဥတုပြောင်းလဲခြင်း ၏ နောက်ဆက်တွဲအဖြစ် မိုးရေ ရရှိမှုနည်းသောကြောင့် ရန်ကုန်မြို့ ၏ အဓိက ရေပေးဝေနေသော ဂျိုးဖြူ၊ လှော်ကား၊ ဖူးကြီး နှင့် ငမိုးရိပ်ရေလှောင်ကန်တို့ ၌ ပုံမှန်ရေလျှံကာလဖြစ်သော်လည်း ကန်ရေမပြည့်သည့် အခြေအနေများဖြစ်ပေါ်လျက်ရှိကြောင်း၊ သို့ဖြစ်၍ နွေရာသီကာလ သောက်သုံးရေ နှင့် စိုက်ပျိုးရေများအတွက် အရေးပေါ်အစီအမံများ ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့ စည်ပင်သာယာနယ်နိမိတ်အတွင်း နေ့စဉ် ရေဂါလန် ၂၀၅ သန်း ကို ဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ ထပ်မံ၍ ရေပေးဝေရေးစီမံကိန်းကြီးများကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)