Connect with us

Sport

မြန်မာအမျိုးသမီးအသင်းယှဉ်ပြိုင်မည့် ၂၀၂၀ အိုလံပစ်အမျိုးသမီးဘောလုံးတတိယအဆင့် ခြေစစ်ပွဲ ပွဲစဉ်တစ်ချို့ပြောင်းလဲ

မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းအားတွေ့ရစဉ် (ဓာတ်ပုံ-- ကြေးမုံ)

ရန်ကုန်၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ)

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း ဝင်ရောက်ယှဉ်ပြိုင် မည့် ၂၀၂၀ အိုလံပစ်အမျိုးသမီးဘောလုံးတတိယအဆင့် ခြေစစ်ပွဲတွင် မြောက်ကိုရီးယားအသင်း နုတ်ထွက်ခဲ့သော ကြောင့် ပွဲစဉ်အချို့ အပြောင်းအလဲဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ 

အိုလံပစ်တတိယအဆင့်ခြေစစ်ပွဲကို ဖေဖော်ဝါရီ ၃ ရက်မှ ၉ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်း ပါဝင် သည့် အုပ်စု(က)မှ မြောက်ကိုရီးယားအသင်း နုတ်ထွက်ခဲ့ သောကြောင့် သုံးသင်းသာကျန်ရှိတော့ပြီး ခြေစစ်ပွဲ နောက်တစ်ဆင့်တက်ရောက်ခွင့်ရရန် အခွင့်အရေးရှိလာခဲ့သည်။ အုပ်စု(က) တွင် တောင်ကိုရီးယား၊ ဗီယက်နမ်နှင့် မြန်မာအသင်းတို့ သုံးသင်းသာ ကျန်ရှိ တော့ပြီး အုပ်စု (ခ)တွင်မူ မူလအတိုင်း ဩစတြေးလျ၊ တရုတ်၊ ထိုင်းနှင့် တရုတ် (တိုင်ပေ)အသင်းတို့ ပါဝင်နေသည်။ မြန်မာအသင်းသည် အုပ်စုပွဲစဉ်များအဖြစ် ဖေဖော်ဝါရီ ၃ ရက်တွင် တောင်ကိုရီးယားအသင်း၊ ဖေဖော်ဝါရီ ၆ ရက်တွင် ဗီယက်နမ်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ 

အုပ်စုတစ်ခုစီမှ ထိပ်ဆုံးနှစ်သင်းစီမှာ ခြေစစ်ပွဲနောက်ဆုံးအဆင့်သို့ တက်ရောက်ခွင့်ရမည်ဖြစ် ရာ မြန်မာအသင်းအနေဖြင့် နောက်တစ်ဆင့်တက်ခွင့် တစ်နေရာအတွက် အာဆီယံဒေသတွင်း ပြိုင်ဘက်ဗီယက်နမ်နှင့် အပြိုင်လုရဖွယ်ရှိနေသည်။ မြန်မာ အမျိုးသမီးအသင်းသည် အိုလံပစ်ခြေစစ်ပွဲအတွက် ဒီဇင်ဘာ ၂၃ ရက်တွင် စတင် လေ့ကျင့်ခဲ့ရာ ပြင်ဆင်ချိန်တစ်လကျော်ရရှိမည်ဖြစ်ပြီး ပြည်တွင်း ပြည်ပ ခြေစမ်း ပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို ပဏာမကစားသမား ၂၆ ဦးဖြင့် ဖွဲ့စည်းခဲ့သော်လည်း ကစားသမားအချို့မှာ အခြားကိစ္စရပ်များကြောင့် နုတ်ထွက် မှုများရှိခဲ့သလို မရောက်ရှိလာသေးသည့် ကစားသမားများလည်းရှိနေသော ကြောင့် ၂၁ ဦးသာ ရောက်ရှိလာသေးသည်။ ထို့ကြောင့် နည်းပြချုပ် ဦးဝင်းသူမိုး သည် ပဏာမလူစာရင်းကို အင်အားတိုးမြှင့်ခဲ့ပြီး ဂိုးသမားသန္တာဦးနှင့် နောက်ခံလူ နန့်ဇူးဇူးထက်တို့ကို အားဖြည့်ရွေးချယ်ခဲ့ရာ ၂၃ ဦးဖြင့် ဆက်လက်လေ့ကျင့်လျက် ရှိကြောင်း ကြေးမုံသတင်းစာတွင် ပါရှိသည်။  (Xinhua)