Connect with us

Sport

အင်ဒိုနီးရှား-မြန်မာ နိုင်ငံတကာဘောလုံးခြေစမ်းပွဲအတွက် ပွဲကြိုညှိနှိုင်း အစည်းအဝေးနှင့် သတင်းစာရှင်းလင်းပွဲပြုလုပ်

ပွဲကြိုသတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် (ဓာတ်ပုံ-- MFF)

ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

အောက်တိုဘာ ၁၀ ရက်တွင် ယှဉ်ပြိုင်ကစားမည့် အင်ဒိုနီးရှား-မြန်မာ နိုင်ငံတကာဘောလုံးခြေစမ်းပွဲအတွက် ပွဲကြိုညှိနှိုင်း အစည်းအဝေးနှင့် သတင်းစာရှင်းလင်းပွဲကို ယနေ့နေ့လယ်ပိုင်းက အင်ဒိုနီးရှားနိုင်ငံရှိ မြန်မာအသင်းတည်းခိုရာ ဟိုတယ်တွင် ပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

သတင်းစာရှင်းလင်းပွဲတွင် မြန်မာလက်ရွေးစင်အသင်းနည်းပြ အန်တိုနီဟေးလ်က “ အခုလို ခြေစမ်းပွဲကစားဖို့ ဖိတ်ခေါ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့အသင်းဟာ လူငယ်အများအပြားနဲ့ဖွဲ့စည်းထားတဲ့ ငယ်ရွယ်တဲ့ အသင်းတစ်သင်းပါ။ကျွန်တော်တို့အနေနဲ့ ဒီပွဲပြီးရင် ဘိုလီးဗီးယားနဲ့ ခြေစမ်းဦးမှာဖြစ်တယ်။ ပြီးရင် ကာတာကို သွားရောက်ပြီး လေ့ကျင့်မှာပါ” ဟု ပြောသည်။

အင်ဒိုနီးရှားမီဒီယာများ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားရာတွင်လည်း အင်ဒိုနီးရှား သတင်းမီဒီယာ တစ်ဦးက အင်ဒိုကစားသမားများသည် မြန်မာတို့ထက် နည်းစနစ်ပိုင်းနှင့် ပင်ကိုယ်စွမ်းရည် ပိုမိုကောင်းမွန်သည်ဟု ဆိုပါက လက်ခံနိုင်မလားဟု မေးမြန်းခဲ့ရာ နည်းပြ အန်တိုနီဟေးလ်က အင်ဒိုနီးရှားအသင်းမှာ မြန်မာထက် ပိုကောင်းသည်ဟု မယုံကြည်ပါကြောင်း၊ မြန်မာအသင်းတွင် နယူးဇီလန်ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်ခဲ့သည့် ကစားသမားများ၊ အာရှ အားကစား ပြိုင်ပွဲတွင် ခြေစွမ်းပြခဲ့သည့် လူငယ်များအပြင် စီနီယာ ကစားသမားများကိုလည်း ပေါင်းစပ် ဖွဲ့စည်းထားကြောင်း၊ ယခုပွဲမှာ ခြေစမ်းပွဲဖြစ်သော်လည်း အကောင်းဆုံး ကစားမည်ဖြစ်ကြောင်းနှင့် ဆူဇူကီးဖလားပြိုင်ပွဲတွင် အင်ဒိုနီးရှားအသင်းနှင့် ဆီမီးသို့မဟုတ် ဗိုလ်လုပွဲတွင် ပြန်တွေ့မည်ဟု မျှော်လင့်ပါကြောင်း ပြောသည်။

ကွင်းလယ်တိုက်စစ်သမား စည်သူအောင်ကလည်း ခြေစမ်းပွဲဖြစ်သော်လည်း ရလဒ်ကောင်းအောင် အကောင်းဆုံးကြိုးစားသွားမည်ဟု ဆိုသည်။

မြန်မာလက်ရွေးစင် အသင်းသည် ယနေ့ (အောက်တိုဘာ ၉) ည ၆း၃၀ နာရီတွင် Wibawa Mukti ကွင်း၌ official training ပြုလုပ်မည် ဖြစ်သည်။

မြန်မာအသင်းအနေဖြင့် ခြေစမ်းပွဲတွင် ဂျာစီအဖြူရောင်ကို ဝတ်ဆင်ကစားမည်ဖြစ်ပြီး အိမ်ရှင် အင်ဒိုနီးရှားအသင်းမှာ ဂျာစီအနီရောင်ကို ဝတ်ဆင်မည်ဖြစ်သည်။

ခြေစမ်းပွဲကို အောက်တိုဘာ ၁၀ ရက်၊ အင်ဒိုနီးရှားစံတော်ချိန် ည ၆း၃၀ နာရီ၊ မြန်မာစံတော်ချိန် ည ၆း၀၀ နာရီအချိန်တွင် Cikarang ရှိ Wibawa Mukti Stadium တွင် ကစားမည် ဖြစ်ပြီး RCTI ရုပ်သံလိုင်းနှင့် ဝက်ဘ်ဆိုက်လင့်ခ် www.pssi.org တွင် တိုက်ရိုက် ကြည့်ရှုနိုင်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.