Connect with us

Sport

၂၉ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲတွင် မြန်မာနိုင်ငံက အားကစားနည်း ၂၉ မျိုး ပါဝင် ယှဉ်ပြိုင်ရန် လျာထား

၂၉ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲနှင့် ပတ်သက်၍ ညှိနှိုင်း အစည်းအဝေး (ဓာတ်ပုံ- အားကစားဝန်ကြီးဌာန)

ရန်ကုန် ၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

၂၉ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲတွင် အိမ်ရှင် မလေးရှား နိုင်ငံက အားကစားနည်း ၃၈ မျိုးဖြင့် ကျင်းပရန် လျာထားပြီး မြန်မာနိုင်ငံက အားကစားနည်း ၂၉ မျိုး၌ ပါဝင် ယှဉ်ပြိုင်ရန် လျာထားကြောင်း အားကစား ဝန်ကြီးဌာနမှ သိရသည်။

၂၉ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲကို ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်တွင် မလေးရှားနိုင်ငံ၌ ကျင်းပ ပြုလုပ်မည် ဖြစ်ပြီး မြန်မာနိုင်ငံက ပြေးခုန်ပစ် ၊ မြှားပစ် ၊ ပိုက်ကျော်ခြင်း ၊ တင်းနစ် ၊ စကွစ်ပ်ရ် (Squash) ၊ ဘော်လီဘော ၊ ဘိလိယက်နှင့် စနူကာ အပါအဝင် အားကစားနည်း ၂၉ မျိုး ပါဝင် ယှဉ်ပြိုင်ရန် လျာထားကြောင်း သိရသည်။

အားကစား ဝန်ကြီးဌာနက ထိုပြိုင်ပွဲတွင် မြန်မာအားကစား အဖွဲ့အောင်မြင်မှု ရရှိစေရေး အတွက် စခန်းသွင်း စုဖွဲ့လေ့ကျင့်မှုကို နေပြည်တော် Gold Camp အားကစား လေ့ကျင့်ရေး စခန်း၌ ယခုနှစ် အောက်တိုဘာ ၁ ရက်မှ စတင်၍ ဖွင့်လှစ် စခန်းသွင်း လေ့ကျင့်ရန် ပြင်ဆင်ထားပြီး စခန်းသွင်း လေ့ကျင့်မည့် အားကစားနည်း ၂၉ မျိုးအား ရန်ကုန်တွင် အားကစားနည်း ၁၅ နည်း ၊ နေပြည်တော် အားကစား လေ့ကျင့်ရေး စခန်းတွင် ၁၄ နည်း တို့ဖြင့် စခန်းသွင်း လေ့ကျင့်သွားမည်ဟု သိရသည်။ (Xinhua)