Connect with us

Sport

အိမ်ရှင်မြန်မာ အပါအဝင် အရှေ့တောင်အာရှ ၆ နိုင်ငံ ပါဝင်၍ ဒုတိယ အကြိမ်မြောက် အရှေ့တောင်အာရှ စကွပ်ရှ် (Squash) တံခွန်စိုက် ဖလား ပြိုင်ပွဲ ကျင်းပမည်

ဒုတိယ အကြိမ်မြောက် အရှေ့တောင်အာရှ စကွပ်ရှ် (Squash) တံခွန်စိုက် ဖလား ပြိုင်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (ဓာတ်ပုံ- အားကစားဝန်ကြီးဌာန)

ရန်ကုန် ၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ဒုတိယ အကြိမ်မြောက် အရှေ့တောင်အာရှ စကွပ်ရှ် (Squash) တံခွန်စိုက်ဖလား ပြိုင်ပွဲကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်မှ ၁၇ ရက်အထိ မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသွာမည် ဖြစ်ရာ မြန်မာနိုင်ငံ အပါအဝင် အင်ဒိုနီးရှား ၊ မလေးရှား ၊ ဖိလစ်ပိုင် ၊ စင်ကာပူ ၊ ထိုင်း တို့အပါအဝင် အရှေ့တောင်အာရှ ၆ နိုင်ငံမှ ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဟု အားကစား ဝန်ကြီးဌာနမှ သိရသည်။

ဒုတိယ အကြိမ်မြောက် အရှေ့တောင်အာရှ စကွပ်ရှ် (Squash) တံခွန်စိုက်ဖလား ပြိုင်ပွဲကို အားကစား ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ Squash အဖွဲ့ချုပ်တို့ပူးပေါင်း၍ နေပြည်တော်ရှိ Squash အားကစားရုံ၌ ကျင်းပမည် ဖြစ်ပြီး ပြိုင်ပွဲတွင် အမျိုးသား/အမျိုးသမီး တစ်ဦးချင်းနှင့် အသင်းလိုက် ရှုံး/ထွက် ပြိုင်ပွဲ ၊ အမျိုးသား/အမျိုးသမီး နှစ်ယောက်တွဲ ပြိုင်ပွဲများကို ပြုလုပ် ကျင်းပသွားမည်ဟု သိရသည်။

Squash အားကစားနည်းသည် မြန်မာနိုင်ငံတွင် လူသိနည်းသည့် အားကစားနည်း ဖြစ်သည့်အတွက် အိမ်ရှင်အဖြစ် လက်ခံကျင်းပရာတွင် နိုင်ငံတကာ အဆင့်မီအောင် အားကစား ဝန်ကြီးဌာနနှင့် အဖွဲ့ချုပ်တို့ပူးပေါင်း၍ စီစဉ် ဆောင်ရွက်သင့် ပါကြောင်း ၊ မြန်မာအသင်း အနေနှင့် ထိုက်သင့်သော ဆုတံဆိပ်များ ရရှိအောင် ကြိုးစားကြရန် မျှော်လင့်ပါကြောင်း မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ ဒုတိယ ဥက္ကဌ ၊ အားကစား ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးသောင်းထိုက်က အောက်တိုဘာလ ၁၂ ရက်က နေပြည်တော်၌ ပြုလုပ်သော ဒုတိယ အကြိမ်မြောက် အရှေ့တောင်အာရှ စကွပ်ရှ် (Squash) တံခွန်စိုက်ဖလား ပြိုင်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေးတွင် ပြောကြားခဲ့သည်။ (Xinhua)