Connect with us

Sino-Myanmar

(၂၀) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ သွားရောက်ပြသလျက်ရှိ (အင်တာဗျူးဆောင်းပါး)

မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းတွင် ပြသထားသည့် ပဲအမျိုးမျိုး နမူနာများကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၊ ကွမ်ရှီး(ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင်ကျင်းပမည့် (၂၀) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ (The 20th China-ASEAN Expo) တွင် မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ သွားရောက်ပြသလျက်ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံတောင်ပိုင်း၊ ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့၊ အာဆီယံစီးပွားရေးဇုန်ရှိ အဆောက်အဦကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နန်နင်းမြို့တွင်ကျင်းပမည့် (၂၀) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ အပါအဝင် တရုတ်နိုင်ငံမှ ကုန်စည်ပြပွဲများအားလုံးတွင် မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းနှင့် မြန်မာနိုင်ငံဘက်မှ ကုမ္ပဏီများက တက်ရောက်၍ ပူးပေါင်းပါဝင်ပြသလေ့ရှိကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ ဒုတိယဥက္ကဋ္ဌ ၂ ဦးနှင့် အတွင်းရေးမှူးတစ်ဦးက ဆင်ဟွာသတင်းဌာနနှင့် သီးသန့် တွေ့ဆုံမေးမြန်းရာတွင် ထိုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ (၂၀) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက်မှစတင်၍ ၁၉ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ ဒုတိယဥက္ကဋ္ဌ တစ်ဦးက “တရုတ်နိုင်ငံ နန်နင်းပွဲကတော့နှစ်တိုင်း ပါဝင်ပြသနေကျပဲ။ အဲဒီအပြင်ကို ကျွန်တော်တို့က မဲခေါင်-တရုတ်ပြပွဲတွေမှာလည်းပြတယ်။ နောက် တရုတ်နိုင်ငံအစိုးရကဖိတ်တဲ့အတွက် ရှန်ဟိုင်းမှာလုပ်တဲ့ပွဲတွေကိုလည်း ကုမ္ပဏီတွေက သွားပြတာတွေရှိတယ်။ ကုမ္ပဏီတွေအနေနဲ့ တရုတ်နိုင်ငံက ပွဲတွေမှာ သွားပြီး ပြသခြင်းအားဖြင့် မြန်မာနိုင်ငံက ထုတ်ကုန်တွေ ဘာတွေထုတ်တယ်ဆိုတာကို တရုတ်နိုင်ငံအနေနဲ့ တွေ့ရ၊ သိရတယ်။ အဲလိုပြတဲ့အတွက် ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံဘက်ကရော၊ အာဆီယံဆီကရော ဖောက်သည်အသစ်တွေ ရရှိပါတယ်။ တခြားနိုင်ငံတွေကနေ အသင်းဘက်ကို ကမ်းလှမ်းတာရှိရင် အသင်းဝင်ကုမ္ပဏီတွေကို ဒါတွေရောင်းဖို့ရှိရင် ဘယ်ကုမ္ပဏီတွေက ဝယ်ဖို့ရှိတယ် ရောင်းဖို့ရှိရင် ဆက်သွယ်ကြဖို့ အသင်း အနေနဲ့ လုပ်ပေးနိုင်တဲ့အတွက် အများကြီး အကျိုးကျေးဇူးရှိပါတယ်” ဟု ဆင်ဟွာသို့ ယနေ့ စက်တင်ဘာ ၁၆ ရက်တွင်ပြောသည်။

အဆိုပါ (၂၀) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ (The 20th China-ASEAN Expo)တွင် မြန်မာနိုင်ငံမှ ပြခန်းပေါင်း ၈၀ ပါဝင်ပြသသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်းက ဆင်ဟွာသို့ စက်တင်ဘာ ၁၃ ရက်တွင် ပြောကြားချက်အရ သိရသည်။
မြန်မာနိုင်ငံသည် လယ်ယာထွက်ကုန်ကို အဓိကတင်ပို့ထုတ်လုပ်သည့် နိုင်ငံဖြစ်ကြောင်း၊ ဆန်စပါး နှင့် ပဲမျိုးစုံကို အဓိကထုတ်လုပ်ပြီးတင်ပို့လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ အတွင်းရေးမှူးက “အိတ်စပို့ ပို့တဲ့အခါမှာ ပဲနဲ့ ပဲမျိုးစုံကို တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံကို အဓိကတင်ပို့တယ်။ အိမ်နီးနားချင်းနိုင်ငံဖြစ်တဲ့အတွက်ကြောင့်လည်း အားသာချက်တစ်ခုရှိတယ်။ ထိုနည်းလည်းကောင်းပဲ တခြားအာဆီယံနိုင်ငံတွေနဲ့ Europe နိုင်ငံတွေကိုလည်း တင်ပို့လျက်ရှိပါတယ်။ တကယ်တမ်းအားသာချက်က အိမ်နီးချင်းနိုင်ငံ ဖြစ်တဲ့အတွက် တရုတ်နိုင်ငံကို တင်ပို့တဲ့အခါမှာ မြန်မြန်ဆန်ဆန်လည်း တင်ပို့လို့ရတယ်။ ငွေကြေးကအစ တင်ပို့မှုရော အင်ပို့ပြန်သွင်းတာရော အားသာချက်တစ်ခု ရှိနေပါတယ်” ဟု ဆင်ဟွာသို့ ယနေ့ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံမှ စိုက်ပျိုးရေးထွက်ကုန်များ၊ ရေထွက်ကုန်ပစ္စည်းများနှင့် အခြားပစ္စည်း အမြောက်အမြားကို တရုတ်နိုင်ငံသို့ တင်ပို့နေရသကဲ့သို့ တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် လူသုံးကုန်အပါအဝင် ကုန်ပစ္စည်းအမျိုးမျိုးကို မြန်မာနိုင်ငံသို့ ပြန်လည် တင်ပို့လျက်ရှိသည်။
ထို့ပြင် မြန်မာနိုင်ငံသည် ဒေသတွင်း ဘက်စုံစီးပွားရေး ပူပေါင်းဆောင်ရွက်မှု သဘောတူညီချက် (Regional Comprehensive Economic Partnership) သို့မဟုတ် RCEP အဖွဲ့ဝင်နိုင်ငံတစ်ခုလည်း ဖြစ်သည်။ ယင်း RCEP သည် လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက်တစ်ခု ဖြစ်ပြီး၊ ဩစတြေးလျ၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ တရုတ်၊ အင်ဒိုနီးရှား၊ ဂျပန်၊ လာအို၊ မလေးရှား၊ မြန်မာ၊ နယူးဇီလန်၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ တောင်ကိုရီးယား၊ ထိုင်းနှင့် ဗီယက်နမ်တို့ဖြစ်ကြသော အာရှ-ပစိဖိတ်ဒေသမှ ၁၅-နိုင်ငံအကြား ချုပ်ဆိုထားခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံအနေနဲ့ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းတွေကို တင်ပို့တဲ့အခါမှာ Form-E ပါရင် အခွန် သက်သာခွင့် ရပါတယ်။ အဲဒီအတွက် အကျိုးကျေးဇူးတေွ ရှိပါတယ်” ဟု RCEP အဖွဲ့ဝင်နိုင်ငံဖြစ်သည့် အကျိုးအကျေးဇူးနှင့် ပတ်သက်၍ ဒုတိယဥက္ကဋ္ဌ တစ်ဦးကပြောသည်။
တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံဖြစ်ပြီး ရှေးယခင် နှစ်ပေါင်းများစွာမှစ၍ ယနေ့အထိ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးရှိသည့်နှစ်နိုင်ငံဖြစ်သည်။

“တရုတ်နိုင်ငံက ကမ္ဘာပေါ်မှာ လူဦးရေ အရမ်းများတဲ့နိုင်ငံလည်းဖြစ်တယ်။ မြန်မာနိုင်ငံကလည်း စိုက်ပျိုးရေးသီးနှံရော၊ ရေထွက်ကုန်ရော၊ သစ်တောထွက် ပစ္စည်းတွေရော အများကြီး ထုတ်တယ်။ မြန်မာနိုင်ငံက စိုက်ပျိုးရေးကို အခြေခံတဲ့ နိုင်ငံဖြစ်တယ်။ မြန်မာနိုင်ငံက အများကြီးထုတ်လုပ်တယ် ဒါပေမဲ့ သိပ်မစားဘူး။ အဲဒီတော့ တရုတ်နိုင်ငံ က လိုအပ်တဲ့ ပဲမျိုးစုံ၊ ဆန်တို့၊ ပြောင်းတို့ကို တရုတ်နိုင်ငံကို အဓိက တင်ပို့တာပေါ့။ ဒါကြောင့်မို့လို့ နောင်လာမယ့် နှစ်တွေမှာလည်း မြန်မာနိုင်ငံက စိုက်ပျိုးရေးကို အခြေခံတဲ့နိုင်ငံဖြစ်တဲ့အတွက် ထုတ်ကုန်တွေကတော့ တောက်လျှောက်တင်ပို့နေမှာပဲ။ နောက်ပြီးတော့ မြန်မာနိုင်ငံက လူသုံးကုန်ပစ္စည်းတော်တော်များများ၊ စက်ပစ္စည်းတွေရော၊ တခြားပစ္စည်းတွေရော အများကြီးကို တရုတ်နိုင်ငံကနေ တင်သွင်းပြီး မြန်မာနိုင်ငံက သုံးစွဲတယ်။ တရုတ်နဲ့ မြန်မာနဲ့ ကုန်သွယ်ရေးကလည်း လာမယ့်နှစ်တွေ အိတ်စပို့ရော၊ အင်ပို့ရော၊ နှစ်နိုင်ငံချစ်ကြည်ရေးကလည်း အမြဲတမ်းကောင်းနေတဲ့အတွက် တောက်လျှောက်တိုးတက်မယ်လို့ မြင်မိပါတယ်” ဟု မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ ဒုတိယဥက္ကဋ္ဌ တစ်ဦး က ဆင်ဟွာသို့ ယနေ့ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.